နာရူးက နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ စိတ်ရောဂါကုသမှုဆိုင်ရာ စိတ်ပညာပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေ ရုပ်သိမ်းလိုက်ရင် အသက်ပေါင်းများစွာဆုံးရှုံးသွားမှာ ကျွန်မစိုးရိမ်မိပါတယ်။
ကျွန်မတို့ရဲ့လူနာတွေက ထောင်ထဲမှာနေရတာထက်ပိုဆိုးတယ်လို့ သူတို့ရဲ့အခြေအနေကို မကြာခဏပြောပြလေ့ရှိတယ်။ ထောင်ထဲမှာဆိုရင် ဘယ်အချိန်ပြန်ထွက်ရမလဲသိနိုင်သေးတယ်လေ။
- ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ မှစတင်ပြီး နယ်စည်းမထားဆရာဝန်များအဖွဲ့သည် ဒုက္ခသည်များအတွက် အရေးတကြီးလိုအပ်နေသည့် စိတ်ကျန်းမာရေးဆိုင်ရာ ကုသစောင့်ရှောက်မှုများ ပေးအပ်ခဲ့သည်။ ဒေသခံ နာရူးလူမျိုးများ နှင့် ဒုက္ခသည်အများစုသည် သတ်သေရန်ကြိုးစားမှုများရှိခဲ့သည်။
- နာရူးအစိုးရသည် နယ်စည်းမထားဆရာဝန်များအဖွဲ့၏ ကျန်းမာရေးဝန်ဆောင်မှုများကို မလိုအပ်တော့ကြောင်းနှင့် ၂၄နာရီအတွင်း ထွက်ခွာပေးရန် အမိန့်ထုတ်ခဲ့သည်။
- နယ်စည်းမထားဆရာဝန်များအဖွဲ့သည် ယခုဆုံးဖြတ်ချက်နှင့် သြစတြေးလျအစိုးရ၏ ပိုင်နက်အပြင်ဘက် ကမ်းလွန်ပင်လယ်ပြင်မှကျွန်းများတွင် ဒုက္ခသည်များကို ထိန်းသိမ်းထားသည့် မူဝါဒကို အပြင်းအထန်ရှုံ့ချလိုက်သည်။
နာရူး၊ ဆစ်ဒနီ။ ။ စိတ်ကျန်းမာရေးစောင့်ရှောက်မှု အပြင်းအထန်လိုအပ်နေသော နိုင်ငံရေးခိုလှုံခွင့်ရရှိရန်တောင်းဆိုထားသူများ၊ ဒုက္ခသည်များနှင့် နာရူးဒေသခံများကို နယ်စည်းမထားဆရာဝန်များအဖွဲ့မှ စောင့်ရှောက်မှုများ ပေးအပ်နေသည်ကို ရပ်တန့်ရန် နာရူးအစိုးရ၏ ရုတ်တရက် ဆုံးဖြတ်လိုက်မှုအပေါ် အပြင်းအထန် ရှုတ်ချပါသည်။ နယ်စည်းမထားဆရာဝန်များအဖွဲ့သည် ကျွန်းနေဒုက္ခသည်များ၏ စိတ်ကျန်းမာရေးအခြေအနေမှာ ပြင်းထန်သည်ထက် ပိုနေသည်ဟု ဖော်ပြထားပြီး ထိုကျွန်းပေါ်ရှိ နိုင်ငံရေးခိုလှုံခွင့်တောင်းသူများနှင့် ဒုက္ခသည်များကို ချက်ချင်း ဘေးကင်းရာသို့ပြောင်းရွှေ့ပေးပြီး သြစတြေးလျ၏ ပိုင်နက်အပြင်ဘက် ကမ်းလွန်ကျွန်းများတွင် ဒုက္ခသည်များကို ထိန်းသိမ်းခြင်း(ကမ်းလွန်ဒုက္ခသည်စခန်းများ ထားရှိခြင်း) မူဝါဒကို အဆုံးသတ်ပေးရန် တောင်းဆိုလိုက်သည်။
“နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ စိတ်ကျန်းမာရေးစောင့်ရှောက်မှုတွေကို မလိုအပ်တော့ဘူးလို့ ပြောဆိုခြင်းဟာ အလွန်ဆိုးဝါးပြီး ရှက်ဖို့ကောင်းပါတယ်။” လို့ စိတ်ရောဂါကုဆရာဝန် Dr Beth O’Connor ကပြောသည်။ “နာရူးမှာ လွန်ခဲ့တဲ့ ၁၁လအတောအတွင်း ကျွန်မတို့ ကုသခဲ့တဲ့ ဒုက္ခသည်တွေ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းထားတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ကြားမှာ သတ်သေဖို့ကြိုးစားမှုနဲ့ ကိုယ့်ကိုယ်ကို ထိခိုက်အောင်ပြုလုပ်တဲ့ အဖြစ်တွေက စိုးရိမ်စရာကောင်းလောက်အောင်များပြားနေပါတယ်။”
“အထူးသဖြင့် မိသားစုတကွဲတပြားစီဖြစ်မှု သို့မဟုတ် နေသားကျနေတဲ့ အနေအထားမှ ပြောင်းလဲမှုတွေကြောင့် ရုတ်ချည်း ပရိဒေဝမီးတောက်လောင်ပြီး စိတ်ဒဏ်ရာ၊ရုပ်ဒဏ်ရာတို့ရရှိခဲ့ရတဲ့အတွက် မစားနိုင်၊ မသောက်နိုင်၊ အပေါ့အပါးသွားဖို့တောင် လမ်းမလျှောက်နိုင်တဲ့ အထိ ကျန်းမာရေး အခြေအနေယိုယွင်းနေတဲ့ ကလေးတွေကိုတွေ့ရတော့ အရမ်းကို စိတ်ထိခိုက်ရပါတယ်။” Dr O’Connor ကဆိုသည်။
လွန်ခဲ့သော ၁၁လ အတွင်းတွင် နယ်စည်းမထားဆရာဝန်များအဖွဲ့မှ စိတ်ရောဂါကုဆရာဝန်များနှင့် စိတ်ပညာရှင်များသည် လူနာပေါင်းများစွာခံစားနေရသည့် ရောဂါလက္ခဏာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် အခြေအနေတည်ငြိမ်စေရန် အရေးပါသည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးအပ်ခဲ့ပါသည်။ သို့သော် နာရူးတွင် ဘယ်ရွေ့ဘယ်မျှကြာမည်မသိအောင် ထိန်းသိမ်းထားသော လူများစွာကို ကုသပေးနိုင်ရန်မှာမူ အဖြေမရှာနိုင်သော အရာပင်ဖြစ်သည်။
“ကျွန်မတို့ရဲ့လူနာတွေက ထောင်ထဲမှာနေရတာထက်ပိုဆိုးတယ်လို့ သူတို့ရဲ့အခြေအနေကို မကြာခဏပြောပြလေ့ရှိတယ်။ ထောင်ထဲမှာဆိုရင် ဘယ်အချိန်ပြန်ထွက်ရမလဲသိနိုင်သေးတယ်လေ။” Dr O’Connor ကဆက်ပြောသည်။ “ကျွန်မရဲ့ အတွေ့အကြုံနဲ့ ပညာရှင်အမြင်အရ ပြောရမယ်ဆိုရင် သူတို့တွေ ဒီကျွန်းပေါ်မှာပိတ်မိနေသရွေ့ ဒီလူနာတွေရဲ့ ရောဂါကိုသက်သာစေမယ့် အဖြေမရှိပါဘူး။ နာရူးက နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ စိတ်ရောဂါကုသမှုဆိုင်ရာ စိတ်ပညာပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေ ရုပ်သိမ်းလိုက်ရင် အသက်ပေါင်းများစွာဆုံးရှုံးသွားမှာ ကျွန်မစိုးရိမ်မိပါတယ်။”
နာရူးမှ ဒုက္ခသည်များစွာသည် စိတ်မချမ်းမြေ့စရာ အဖြစ်များကို ၎င်းတို့၏မူလနိုင်ငံတွင် သို့မဟုတ် ၎င်းတို့ထွက်ပြေးလာသောခရီးလမ်းတွင် ကြုံတွေ့ခဲ့ကြရသည် ဖြစ်သော်လည်း ၎င်းတို့၏ ကြံ့ကြံ့ခံမှုကို ဖျက်ဆီးပစ်ပြီး တစ်နေ့တွင် ၎င်းတို့သည် ဘေးအန္တရာယ်ကင်းရှင်းပြီး အဓိပ္ပာယ်ပြည့်ဝသော ဘဝသို့ရောက်ရှိလိမ့်မည် ဟူသော မျှော်လင့်ချက်များကို ရိုက်ချိုးခံရသည်မှာ သြစတြေးလျ အစိုးရ၏ ရက်အကန့်အသတ်မရှိ ကမ်းလွန်ကျွန်းများတွင် ထိန်းသိမ်းထားသည့် မူဝါဒကြောင့်ပင်ဖြစ်သည်။
“မိသားစုများ တကွဲတပြားစီဖြစ်စေပြီး အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ဝေးလံသည့် ကျွန်းများတွင် အချိန်အကန့်အသတ်မရှိ အင်အားသုံးနေထိုင်ခိုင်းပြီး အရေးပေါ်အခြေအနေမှအပ ကာကွယ်မှုပေးခြင်းမရှိ မျှော်လင့်ချက်မရှိနေထိုင်ခိုင်းတာဟာ အရမ်းကိုရက်စက်ပြီး လူမဆန်တဲ့အပြင် ရှက်စရာလည်းကောင်းပါတယ်။” ဟု နယ်စည်းမထားဆရာဝန်များအဖွဲ့ သြစတြေးလျမှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Paul McPhun ကပြောသည်။ “သြစတြေးလျအစိုးရမှ ကမ်းလွန်ကျွန်းများတွင် ထိန်းသိမ်းခြင်း မူဝါဒကို လူသားချင်းစာနာထောက်ထားတဲ့ မူဝါဒတစ်ခုအဖြစ် ညွှန်းဆိုနေပေမယ့် လူတွေကို ပင်လယ်ပြင်က ကယ်ပြီး နာရူးကဟင်းလင်းပြင်ထောင်ကြီးထဲမှာ ထားတာက လူသားချင်း စာနာထောက်ထားတဲ့ အပြုအမူလုံးဝ မဟုတ်ဘူး ဆိုတာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံက သက်သေပြနေပါတယ်။”
“ဒီမူဝါဒက ချက်ချင်းကိုရပ်တန့်ပစ်သင့်ပါတယ် ဒီလိုမူဝါဒမျိုးကို အခြားသော အစိုးရတွေလည်းလုံးဝ အတုမယူသင့်ပါဘူး။” Mr McPhun ကပြောသည်။ “နာရူးက ထွက်ခွာသင့်တာ နယ်စည်းမထားဆရာဝန်များအဖွဲ့ ကစိတ်ပညာရှင်တွေနဲ့ ဆရာဝန်တွေမဟုတ်ပါဘူး သြစတြေးလျအစိုးရက လွန်ခဲ့တဲ့ ၅နှစ်လုံးလုံး ပိတ်လှောင်ထားခဲ့တဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသူတွေနဲ့ ဒုက္ခသည်ရာပေါင်းများစွာက ထွက်ခွာခွင့်ရသင့်တာပါ။”
နယ်စည်းမထားဆရာဝန်များအဖွဲ့သည် ၂၀၁၇ခုနှစ် နိုဝင်ဘာလမှစတင်ပြီး ဒုက္ခသည်များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများနှင့် နာရူးပြည်သူများကို စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ရောဂါပိုင်းဆိုင်ရာ ကုသမှုများကို နာရူးသမ္မတနိုင်ငံတွင်ပေးအပ်ခဲ့သည်။ နာရူးအစိုးရမှ နယ်စည်းမထားဆရာဝန်များအဖွဲ့၏လုပ်ဆောင်မှုများကို ဆက်လက်မလိုအပ်တော့ဘဲ ၂၄နာရီအတွင်း လုပ်ငန်းများရပ်ရန် အကြောင်းကြားခဲ့သဖြင့် အောက်တိုဘာ ၅ရက်တွင် ကုသမှုများကို ခေတ္တရပ်တန့်ခဲ့ရသည်။
နာရူးရှိ ကလေးသူငယ် ၁၁၅ယောက်အပါအဝင် နိုင်ငံရေးခိုလှုံခွင့်တောင်းဆိုသူများနှင့် ဒုက္ခသည်အယောက် ၉၀၀ တို့သည် နေရာအတည်တကျပြန်လည်ချထားမည့် အလားအလာရှိမရှိ ရှင်းလင်းစွာမသိရှိရဘဲ ထိုကျွန်းပေါ်တွင် နေထိုင်ခဲ့သည်မှာ ၅နှစ်ကျော်ပြီ ဖြစ်သည်။