Quantcast
Channel: MSF Myanmar
Viewing all articles
Browse latest Browse all 66

ကမ္ဘာ့ခေါင်းဆောင်များသည် ပထမဆုံးသော ကုလသမဂ္ဂအဆင့် တီဘီရောဂါဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွင် ပြတ်သားသော သန္နိဋ္ဌာန်များချမှတ်ရမည်

$
0
0

 “စက်တင်ဘာ၂၆ရက်မှာ ကမ္ဘာ့ခေါင်းဆောင်များက ထိရောက်သော စစ်ဆေးတွေ့ရှိမှုများ၊ ကုသနိုင်မှုများ အတွက် နည်းလမ်းသစ်များကို အရှိန်အဟုန်မြင့်လုပ်ဆောင်ရန် ခိုင်မာသည့် ကတိကဝတ် သန္နိဋ္ဌာန်များချမှတ်ပြီး ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါ ဖြစ်ပွားမှု ရေစီးကြောင်းကြီးကို ပြောင်းလဲပစ်ရန် သမိုင်းတွင်မည့် အခွင့်အရေးတစ်ခုကိုရမှာ ဖြစ်ပါတယ်။”

Dr Gabriella Ferlazzoနယ်စည်းမထားဆရာဝန်များအဖွဲ့၏ တောင်အာဖရိက ဆေးပညာဋ္ဌာနမှ တီဘီနှင့် အိတ်ခ်ျအိုင်ဗွီရောဂါဆိုင်ရာ အကြံပေး

ကျွန်ုပ်တို့အလုပ်လုပ်နေတဲ့ နိုင်ငံတွေမှာ နာကျင်မှုတွေခံစားပြီး အဓိပ္ပာယ်မရှိသေဆုံးနေရတာကို အများကြီးတွေ့နေရတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက ပိုမိုအကျိုးရှိထိရောက်ပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေနည်းပါးတဲ့ ဒီနေ့ခေတ်ရဲ့ အကောင်းဆုံး တီဘီရောဂါကုသ စစ်ဆေးမှုတွေကို လက်လှမ်းမီမရရှိသေးလို့ပါ။

  • ကမ္ဘာ့ခေါင်းဆောင်များသည် ယခုတစ်ပတ်တွင် ပထမဦးဆုံးသော အဆင့်မြင့်ထိပ်သီးစည်းဝေးပွဲတစ်ပွဲကို ကျင်းပပြီး နယူးယောက်၌ တွေ့ဆုံဆွေးနွေးနေကြသည်။
  • တီဘီရောဂါသည် ကမ္ဘာ့သေဆုံးမှုအများဆုံး ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ၂၀၁၇ခုနှစ်တွင် လူပေါင်း၁.၆သန်းသေဆုံးခဲ့သော်လည်း ထိုရောဂါကိုတိုက်ဖျက်ရန်အတွက် သုံးစွဲငွေမှာ သိသိသာသာကြီးလျော့ကျလာခဲ့သည်။
  • နယ်စည်းမထားဆရာဝန်များအဖွဲ့သည် ထိပ်သီးအစည်းအဝေးတွင်တက်ရောက်နေသော ခေါင်းဆောင်များကို တီဘီရောဂါ ရှာဖွေစစ်ဆေးမှု၊ ကုသမှုများကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် အရင်းအမြစ်များပိုမိုချထားပေးရန်အတွက် အရေးတကြီး ပန်ကြားလိုက်သည်။

နယူးယောက်၊ စက်တင်ဘာ၂၅ရက်။ ။ကမ္ဘာ့ခေါင်းဆောင်များသည် ယခုတစ်ပတ်တွင် ပထမဦးဆုံးသော အဆင့်မြင့် ထိပ်သီးစည်းဝေးပွဲတစ်ပွဲကို နယူးယောက်၌ ကျင်းပနေရာ နယ်စည်းမထားဆရာဝန်များ အဖွဲ့သည် တီဘီရောဂါစစ်ဆေးခြင်းနှင့်ကုသခြင်းတို့ကို ယနေ့ပင် တိုးမြှင့်ပြီးလူ့အသက်များစွာကို ကယ်တင်ရန်နှင့် ပိုမိုထိရောက်ပြီး အသုံးပြုရလွယ်ကူသော ပစ္စည်းကိရိယာများတီထွင်ပြီး တီဘီရောဂါကိုအနာဂတ်တွင် ဆက်လက်နှိမ်နှင်းနိုင်ရန် သန္နိဋ္ဌာန်များချမှတ်ဖို့ အစိုးရများကို ယနေ့ပင်တိုက်တွန်းလိုက်သည်။

WHO မှလွန်ခဲ့သော အပတ်ကထုတ်ပြန်ခဲ့သော နိုင်ငံတကာ တီဘီရောဂါဆိုင်ရာ ကိန်းဂဏန်း အချက်အလက်အသစ်များအရ ကမ္ဘာ့အသေစေနိုင်ဆုံးသော ကူးစက်ရောဂါအား တိုက်ဖျက်ခြေမှုန်းရာတွင် အားနည်းပြီးနှောင့်နှေးနေဆဲပင် ဖြစ်ကြောင်းပြသနေသည်။ အသက်ပေါင်း ၁.၆သန်းဆုံးရှုံးနေပြီး လူဦးရေ ၁၀သန်းမှာ တီဘီရောဂါခံစားနေကြရသည်။ မစစ်ဆေးမတွေ့ရှိသေးသော၊ အကြောင်းမကြားမသိရှိသေးသော တီဘီရောဂါဖြစ်ပွားမှုများသည် အဓိက အခက်အခဲအနေဖြင့်ကျန်ရှိနေပြီး လွန်ခဲ့သည့် ၇နှစ်ကတည်းက နှစ်စဉ်နှစ်တိုင်း တီဘီရောဂါခံစားနေရသော လူဦးရေ၏ သုံးပုံတစ်ပုံကျော်ကျော်သည် ရောဂါရှာဖွေတွေ့ရှိခြင်းမရှိဘဲ ကျန်ရှိနေခဲ့သည်။

တီဘီရောဂါဆိုင်ရာ ရီပို့ကတ်တွင်အလွန်ဆိုးဝါးနေရခြင်း၏ အဓိကအကြောင်းရင်းမှာ နိုင်ငံတကာအစိုးရများမှ ယနေ့ချိန်ခါတွင် ရရှိနေပြီဖြစ်သော တီဘီရောဂါစစ်ဆေးမှု ကုသမှုများအတွက် နည်းလမ်းသစ်၊ ကိရိယာသစ်များကို ရှိန်ဟုန်မြှင့် အသုံးပြုလုပ်ဆောင်ရန် နှောင့်နှေးနေခြင်းကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ဆေးယဉ်ပါးတီဘီအတွက် bedaquiline အမည်ရှိသောက်ဆေးသစ်တစ်မျိုးကို၂၀၁၃ခုနှစ်တွင်စတင် သုံးစွဲရန် ပထမဆုံး ထောက်ခံထားသည်။ သို့သော bedaquiline နှင့်အခြားသောဆေးဝါးအသစ်များသောက်သုံးမှုသည်အလွန် နည်းပါးနေဆဲဖြစ်ပြီး ၂၀၁၇ခုနှစ်တွင် ထိုဆေးဝါးများကို မရရှိသူလူနာပေါင်း ၉၀ရာခိုင်နှုန်းနီးပါး ရှိနေဆဲဖြစ်သည်။ ယခု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထိုးဆေးများအစား bedaquiline ကို ပြင်းထန်ဆေးယဉ်ပါးတီဘီရောဂါသည် အားလုံးအတွက် ပင်မဆေးအဖြစ်ထည့်သွင်းကုသရန် ထောက်ခံလိုက်ပြီဖြစ်ရာ ပိုမိုဘေးကင်း ထိရောက်မှုရှိပြီး ထိုးသွင်းစရာမလိုသော ကုထုံးများကို လက်လှမ်းမီရရှိနိုင်စေရန် အလျင်အမြန်ပင် အရှိန်အဟုန်မြင့် ဆောင်ရွက်ကြရန်လိုသည်။

“ကျွန်ုပ်တို့အလုပ်လုပ်နေတဲ့ နိုင်ငံတွေမှာ နာကျင်မှုတွေခံစားပြီး အဓိပ္ပာယ်မရှိသေဆုံးနေရတာကို အများကြီးတွေ့နေရတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက ပိုမိုအကျိုးရှိထိရောက်ပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေနည်းပါးတဲ့ ဒီနေ့ခေတ်ရဲ့ အကောင်းဆုံး တီဘီရောဂါကုသ စစ်ဆေးမှုတွေကို လက်လှမ်းမီမရရှိသေးလို့ပါ။” ဟု နယ်စည်းမထားဆရာဝန်များအဖွဲ့၏ တောင်အာဖရိက ဆေးပညာဋ္ဌာနမှ တီဘီနှင့် အိတ်ခ်ျအိုင်ဗွီရောဂါဆိုင်ရာ အကြံပေး ဒေါက်တာ Gabriella Ferlazzo ကပြောသည်။ “စက်တင်ဘာ၂၆ရက်မှာ ကမ္ဘာ့ခေါင်းဆောင်များက ထိရောက်သော စစ်ဆေးတွေ့ရှိမှုများ၊ ကုသနိုင်မှုများ အတွက် နည်းလမ်းသစ်များကို အရှိန်အဟုန်မြင့်လုပ်ဆောင်ရန် ခိုင်မာသည့် ကတိကဝတ် သန္နိဋ္ဌာန်များချမှတ်ပြီး ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါ ဖြစ်ပွားမှု ရေစီးကြောင်းကြီးကို ပြောင်းလဲပစ်ရန် သမိုင်းတွင်မည့် အခွင့်အရေးတစ်ခုကိုရမှာ ဖြစ်ပါတယ်။”

ဆယ်စုနှစ်များစွာကြာအောင် တီဘီရောဂါဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများနှင့် ဆေးဝါးများကို သုတေသနလုပ်ရန်နှင့် တိုးတက်အောင်လုပ်ဆောင်ရန်တို့အတွက် ထောက်ပံ့မှုများမှာ ပြင်းပြင်းထန်ထန် ကျဆင်းခဲ့သည်။ ၁၉၄၀ခုနှစ်များကတည်းက တီဘီရောဂါဆိုင်ရာ ကုသမှုများ အတွက် အသုံးပြုသည့် အရာများမှာ ပြောင်းလဲမှုများစွာမရှိခဲ့ပါ။ လွန်ခဲ့သော နှစ်၅၀အတွင်း တီဘီဆေးအသစ်၂မျိုးသာ ပေါ်ပေါက်လာခဲ့သည်။ ယနေ့အချိန်တွင် ပြင်းထန်ဆေးယဉ်ပါးတီဘီရောဂါကို ခံစားရသော လူများ၏ ၂၅ရာခိုင်နှုန်းကိုသာ သေချာရှာဖွေစစ်ဆေးတွေ့ရှိပြီး ကုသနိုင်သေးသည်။ ကံကောင်းထောက်မစွာ ဆေးစတင်ကုသမှုကိုခံယူနိုင်သော ထိုလူတို့သည် နာကျင်မှုခံစားရနိုင်ပြီးရှည်လျားသည့် ၂နှစ်တာ ကာလအထိဆေးကုသရသည်။ အကြားအာရုံဆုံးရှုံးခြင်းနှင့် သတ်သေချင်စိတ်ပေါက်သည် အထိဖြစ်နိုင်သော စိတ်ဝေဒနာများရသည် အထိပြင်းထန်သော ဘေးထွက်ဆိုးကျိုးများရှိသည့် ဆေးအလုံး ၁၇၀နီးပါး ထိုးရပြီး ဆေးလုံးပေါင်း ၁၂,၀၀၀ ကျော်သောက်ရန်လိုအပ်သည်။ ကုသပျောက်ကင်းမှုနှုန်းမှာလည်း နည်းပြီး ဆေးကုသမှုခံယူသူများထဲမှ တစ်ဝက်သာသာဖြစ်သည့် ၅၅ရာခိုင်နှုန်းသာ ရောဂါသက်သာပျောက်ကင်းသည်။

ယနေ့ခေတ်တွင် အစိုးရများစွာတို့မှ အရှိန်အဟုန်မြှင့်ပြီး တိုးမြှင့်လုပ်ဆောင်သင့်သည့် bedaquiline ကဲ့သို့သော ဆေးအသစ်၊ နည်းလမ်းသစ်များ ရရှိနိုင်ပါလျက် တီဘီရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်မှု အလျင်အမြန်ကုသနိုင်မှုမရှိသေးပေ။ ထိုရောဂါဖြစ်ပွားမှုကို သိသိသာသာကြီး ပြောင်းလဲဖြေရှင်းနိုင်ရန် ဖွံ့ဖြိုးတိုးတက်လာသော ကုထုံးများ၊ လျင်မြန်ရိုးရှင်းသော စစ်ဆေးမှုများနှင့် ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူများအတွက်ပါ အကျိုးသက်ရောက်မှုရှိသော ကာကွယ်ဆေးများ ကိုဖော်ထုတ်ရန် အရေးတကြီးလိုအပ်နေသည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း၆၀ကျော်က လူသားတွေလကမ္ဘာ နဲ့ သမုဒ္ဒရာရဲ့ အနက်ဆုံးနေရာတွေ ကိုစေလွှတ်နိုင်ခဲ့တာ စဉ်းစားကြည့်ရင် မဖြစ်နိုင်ဘူးလို့ထင်ချင်စရာပါ။ ဒီလိုတွေလုပ်နိုင်ခဲ့တာတောင် အခုထိလူသားတွေက သမိုင်းမှာ ရှေးအကျဆုံး ရောဂါဟောင်းတစ်ခုဖြစ်တဲ့ တီဘီရောဂါအတွက် မြန်ဆန်၊ဘေးကင်း၊ရိုးရှင်းတဲ့ကုသနည်း ကိုမရှာဖွေနိုင်တဲ့အတွက် ဒီရောဂါခံစားရသူတွေဟာ အခုချိန်ထိ နာကျင်ခံစားရတုန်း သေဆုံးနေရတုန်းဆိုတာ ဖြစ်သင့်ပါရဲ့လား နယ်စည်းမထားဆရာဝန်များအဖွဲ့၏ Access Campaign မှ တီဘီနှင့် အိတ်ခ်ျအိုင်ဗွီ ရောဂါဆိုင်ရာ အကြံပေးSharonann Lynch ကပြောသည်။ တီဘီရောဂါအတွက် မြန်ဆန်၊ ဘေးကင်း၊ လုံခြုံတဲ့ ကုသမှုရရှိဖို့အတွက် လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အရာက  အစိုးရတွေကနေပြီး နိုင်ငံရေးဆိုင်ရာ ဦးစားပေးလုပ်ဆောင်ရမယ့်အချက်အဖြစ် ဂရုစိုက်ဆောင်ရွက်ဖို့ပါပဲ။ ဒီတစ်ပတ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေဟာ သတ္တိရှိရှိနဲ့ ကမ္ဘာလုံးအတိုင်းအတာ ရင်ဆိုင်နေရတဲ့ ဒီအရေးပေါ်ကျန်းမာရေးကိစ္စကို တိုက်ဖျက်ဖို့စုပေါင်းတာဝန်ယူကြဖို့လိုအပ်ပါတယ်။ ဒါမှသာ တီဘီကြောင့် ၁၈စက္ကန့်မှာ လူသားတစ်ယောက်သေဆုံးပြီး ဆုံးရှုံးနေရတာကို ကာကွယ်နိုင်မှာပါ။”

တီဘီရောဂါ၏စိန်ခေါ်မှုများကို ခံစားနေရသော်လည်း တီဘီရောဂါအတွက် သုတေသနနှင့်တိုးတက်လုပ်ဆောင်မှုများကို လုပ်ေ်ဆာင်ရန် အစိုးရများ၏ ကတိကဝတ်ပြုလုပ်ဆောင်မှုများမှာမူ အလွန်အမင်းအားနည်းနေသေးသည်။ ခန့်မှန်းခြေ အားဖြင့် ထောက်ပံ့ငွေလိုအပ်ချက်မှာ တစ်နှစ်လျှင် ဒေါ်လာ ၁.၃ ဘီလီယံကွာဟနေသည်။ အစိုးရများမှ သုတေသနလုပ်ရန် ထောက်ပံ့မှုများတိုးမြှင့်ပေးခြင်းကို အရှိန်အဟုန်မြှင့်ရမည့်နည်းတူ သုတေသနလုပ်ငန်းလုပ်ဆောင်နေသူ အဖွဲ့အစည်းများကို ဆော်သြစည်းရုံးရမည်။ ပူးပေါင်းသုတေသနလုပ်သည့် နည်းလမ်းအသစ်များကိုလည်း ထောက်ပံ့ကူညီပေးရမည်ဖြစ်သည်။

“အစိုးရများမှ တီဘီရောဂါဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်တို့ကို ဖြည့်ဆည်းရန်လိုအပ်ပြီး လူတိုင်းလက်လှမ်းမီတဲ့ ငွေကြေးအရတတ်နိုင်တဲ့ ရလဒ် နည်းလမ်းများ ဖော်ထုတ်မည်ဆိုတဲ့ ကတိကဝတ်နှင့် အတူ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုများကို စတင်ပံ့ပိုးပေးရန်လိုအပ်ပါတယ်။” Lynch ကဆိုသည်။

_______________________________________________________________________________________________________________________

နယ်စည်းမထားဆရာဝန်များအဖွဲ့သည် တီဘီရောဂါဆိုင်ရာကုသစောင့်ရှောက်မှုများပေးခဲ့သည်မှာ အနှစ် ၃၀ရှိပြီဖြစ်သည်။ ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားရာ ဒေသများ၊ မြို့ပြမှဆင်းရဲသားရပ်ကွက်များ၊ အကျဉ်းထောင်များ၊ ဒုက္ခသည် စခန်းများနှင့် ကျေးလက်ဒေသများတွင် နိုင်ငံများရှိကျန်းမာရေးအာဏာပိုင်များနှင့် လက်တွဲပြီး ဆေးကုသမှုများကို ဆောင်ရွက်ပေးနေသည်။ ၂၀၁၇ တွင် နယ်စည်းမထားဆရာဝန်များအဖွဲ့ သည် ဆေးယဉ်ပါး ရောဂါခံစားနေရသည့် လူပေါင်း ၃၆၀၀ အပါအဝင် လူနာပေါင်း ၂၂,၀၀၀ ကျော်ကိုကူညီထောက်ပံ့ပေးခဲ့သည်။


Viewing all articles
Browse latest Browse all 66