“ဒီစင်တာကို ဘာကြောင့်ဖွင့်ရတာလဲဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ၎င်းနဲ့အတူအလုပ်လုပ်နေတဲ့ အဖွဲ့အစည်းများက ကျန်းမာရေးအဆောက်အအုံအချို့ ဖွင့်လှစ်ပြီး အစွမ်းကုန်လုပ်ကိုင်နေတဲ့တိုင်အောင် လက်ခံရရှိတဲ့ပြင်းထန်အာဟာရချို့တဲ့သူ လူနာအရေအတွက်က အရမ်းများလာတဲ့အတွက် ဖြစ်ပါတယ်။”
လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်ကစတင်ဖွင့်လှစ်ခဲ့သော ကာလမှစ၍ နင်ဂျရီ က နယ်စည်းမထားဆရာဝန်များအဖွဲ့မှ အတွင်းလူနာအဖြစ်ကုသပေးခဲ့သော ကလေးလူနာပေါင်း တစ်ရာကျော်ရှိသည်။ ၎င်းတို့၏အခြေအနေတိုးတက်လာပြီးနောက် ဆေးရုံမှဆင်းနိုင်သောအခါ ထိုကလေးသူငယ်များမှာ အိမ်တွင် အဆင်သင့်အသုံးပြုနိုင်သော ကုထုံးဆိုင်ရာအာဟာရများဖြင့် ကုသမှုကိုဆက်လက်ပြုလုပ်သွားရမည်ဖြစ်ပြီး ပြင်ပလူနာ ဓာတ်စာအစီအစဉ်၏ အစိတ်အပိုင်းအနေဖြင့် ကျန်းမာရေးကုသမှုစင်တာတွင် အပတ်စဉ် ပြန်လည်စစ်ဆေးမှုပြုလုပ်သွားရမည်ဖြစ်သည်။
အာဟာရအလွန်အမင်းချို့တဲ့မှုဒဏ်ကို ဆာဟယ်ဒေသရှိ ကျေးလက်စီရင်စုများသာမက ဒေသတစ်ခုလုံးတွင်ပါ ခံစားရလေ့ရှိသည်။ ထိုရောဂါသည် ချာဒီယန်နိုင်ငံ၏မြို့တွင်း နေထိုင်သူ လူဦးရေ ၁၅သိန်းခန့်ရှိသည့် မြို့တော် နင်ဂျမီနာရှိ အသက်၅နှစ်အောက်ကလေးများကြားတွင် အလွန်ပြင်းထန်စွာဖြစ်ပွားနေပြီး မှာ အန္တရာယ်ရှိသည့် စိုးရိမ်လူဦးရေပမာဏသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ဆီဈေးကျပြီး ဆက်စပ်ဖြစ်ပေါ်လာတဲ့ စီးပွားရေးအခြေအနေ ဆိုးဝါးမှုကြောင့် ဒီရောဂါခံစားရမှုအခြေအနေဟာ ဒီနှစ်မှာ အရေးကြီးအခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။” ဟု အရေးပေါ်အခြေအနေများဆိုင်ရာ ဒု-စီမံရေးမန်နေဂျာ Chibuzo Okonta ကရှင်းပြပါတယ်။
နယ်စည်းမထားဆရာဝန်များအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနနှင့် တွဲဖက်၍ အရေးပေါ်အခြေအနေတုံ့ပြန်ဖြေရှင်းမှုကို ဇူလိုင်လ ၂၆ရက်ကစတင်ခဲ့ပြီး အတွင်းလူနာအာဟာရကျွေးမွေးကုသရေးစင်တာ(ITFC)တစ်ခုကို နင်ဂျရီ အနီးအနားတွင် ဖွင့်လှစ်ခဲ့သည်။ ထိုစင်တာကို အာဟာရချို့တဲ့မှုအပြင်းအထန်ခံစားရပြီး အကျိုးဆက်ဝေဒနာများ ခံစားနေရသည့် ခြောက်လမှငါးနှစ်အရွယ်ကလေးများကို ဆေးဝါးကုသစောင့်ရှောက်မှုများ ပေးရန်အတွက် စီစဉ်ဆောက်လုပ်ထားသည်။
၂ပတ်တာကာလအတွင်း ကလေးသူငယ်တစ်ရာကျော် ဆေးရုံတက်ရန်လိုအပ်ခဲ့
“ဒီစင်တာကို ဘာကြောင့်ဖွင့်ရတာလဲဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ၎င်းနဲ့အတူအလုပ်လုပ်နေတဲ့ အဖွဲ့အစည်းများက ကျန်းမာရေးအဆောက်အအုံအချို့ ဖွင့်လှစ်ပြီး အစွမ်းကုန်လုပ်ကိုင်နေတဲ့တိုင်အောင် လက်ခံရရှိတဲ့ပြင်းထန်အာဟာရချို့တဲ့သူ လူနာအရေအတွက်က အရမ်းများလာတဲ့အတွက် ဖြစ်ပါတယ်။” လို့ နင်ဂျမီနာရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ အတွင်းလူနာအာဟာရကျွေးမွေးကုသရေးစင်တာအသစ်ရဲ့ မန်နေဂျာဖြစ်သူ Patient Kighoma ကပြောပါတယ်။ “ကလေးသူငယ်တွေက မကြာခဏ အရေးပေါ်အခြေအနေနဲ့ ရောက်ရှိလာပါတယ်။ ဒီလို ငယ်ရွယ်တဲ့အသက်အရွယ်မှာ သူတို့က အရမ်းနုနယ်ပြီး ထိခိုက်လွယ်ပါတယ်။ အဆိုးဝါးဆုံးအခြေအနေ ချက်ချင်းဖြစ်သွားနိုင်ပါတယ်။”
ကလေးလူနာတွေရဲ့ ကျန်းမာရေးအခြေအနေအရ ကုသစောင့်ရှောက်မှုပေးနိုင်ရန် စင်တာကို နေရာအမျိုးမျိုး ခွဲခြားထားသည်။ မျက်ခြေမပြတ်စောင့်ကြည့် ကုသမှုပေးရန် လိုအပ်သည့် အရေးအကြီးဆုံးလူနာများကို MSF ဝန်ထမ်းများက အခြေအနေ တည်ငြိမ်လာစေရန် စောင့်ရှောက်ပေးသည့် အထူးကြပ်မတ်ကုသစောင် အရေးပေါ် ကုသစောင့်ရှောက်ခန်းလည်း ပါဝင်သည်။ လူနာများမှာ အစားအစာမျိုချရန် အလွန်အားနည်းနေသည့် အတွက် အစာပိုက်ကို နှာခေါင်းအတွင်းမှ အစာအိမ်အတွင်းသို့ရောက်အောင်ထည့်ပေးသည့် နည်းလမ်းကိုသုံးရသည်။ အချို့ကို အသက်ရှုနိုင်ရန် အထောက်အပံ့ပစ္စည်းများပေးထားရပြီး အကြောတွင်းသို့ လိုအပ်သည့် အာဟာရဓာတ်များကို အရည်စနစ်ဖြင့်ထိုးသွင်းပေးသည်။
“သူတို့ အခြေအနေပြန်တည်ငြိမ်လာပြီး အစာစားချင်စိတ်ပြန်လည်ဖြစ်ပေါ်လာပြီဆိုရင် လက်ထောက်အာဟာရဗေဒပညာရှင်က ပြင်ဆင်ပေးထားပြီး ကုထုံးမှာပါဝင်တဲ့ အစာအာဟာရဖြစ်တဲ့ ကလေးနှို့မှုန့် (သို့) မြေပဲအနှစ် ကိုကျွေးပါတယ်။ တပြိုင်နက်တည်းမှာပဲ အခြားရောဂါ သို့ နောက်ဆက်တွဲရောဂါတွေရှိမရှိ စစ်ဆေးပါတယ်။” လို့ Kighoma ကဆိုသည်။
လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်ကစတင်ဖွင့်လှစ်ခဲ့သော ကာလမှစ၍ နင်ဂျရီ က နယ်စည်းမထားဆရာဝန်များအဖွဲ့မှ အတွင်းလူနာအဖြစ်ကုသပေးခဲ့သော ကလေးလူနာပေါင်း တစ်ရာကျော်ရှိသည်။ ၎င်းတို့၏အခြေအနေတိုးတက်လာပြီးနောက် ဆေးရုံမှဆင်းနိုင်သောအခါ ထိုကလေးသူငယ်များမှာ အိမ်တွင် အဆင်သင့်အသုံးပြုနိုင်သော ကုထုံးဆိုင်ရာအာဟာရများဖြင့် ကုသမှုကိုဆက်လက်ပြုလုပ်သွားရမည်ဖြစ်ပြီး ပြင်ပလူနာ ဓာတ်စာအစီအစဉ်၏ အစိတ်အပိုင်းအနေဖြင့် ကျန်းမာရေးကုသမှုစင်တာတွင် အပတ်စဉ် ပြန်လည်စစ်ဆေးမှုပြုလုပ်သွားရမည်ဖြစ်သည်။
အားနည်း၍ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိသော မိသားစုများသည် အစာရေစာလုံလောက်ရန် ရုန်းကန်နေရ
မတူညီသော၊ ရှုပ်ထွေးလှသော အကြောင်းအရင်းများ၏ ရလဒ်အဖြစ် ချာဒ်တွင် နှစ်စဉ်နှစ်တိုင်း ပြင်းထန်အာဟာရချို့တဲ့မှုနှုန်း မြင့်မားသည်ကိုတွေ့ရှိရသည်။ နင်ဂျမီနာ ၌ ဒီနှစ်တွင် ငွေကြေးတစ်ယူနစ်ဖြင့် ဝယ်နိုင်စွမ်းအား အကျပ်အတည်း ၊ အထူးသဖြင့် ရာသီအစားအစာမလုံလောက်မှု ပြင်းထန်ခြင်း၊ ကျန်းမာရေးကဏ္ဍကိုထိခိုက်စေသည့် အစိုးရလုပ်ငန်းများသပိတ်မှောက်ခြင်းတို့က အာဟာရချို့တဲ့မှုကို ပိုမိုဆိုးရွားစေသည်။
အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်ကြမ်းသမားများ၊ အလုပ်အကိုင်မဲ့ လမ်းဘေးဈေးသည်များနှင့် ရာသီအလိုက် ရွှေ့ပြောင်းလုပ်သားများ၊ လစာနည်းနည်းသာရသော သို့ လစာလုံးဝမရသော အစိုးရဝန်ထမ်းများနှင့် ရုံးဝန်ထမ်းများ…စသည်ဖြင့် မြို့တော်ရှိ မိသားစုပေါင်းများစွာ ကိုထိခိုက်စေသည်။ ၎င်းတို့အားလုံးတွင် အခြေအနေကို အလိုက်သင့်နေထိုင်ရန် နည်းလမ်းမရှိတော့ပေ။
“ကျွန်မအမျိုးသားကအလုပ်ပြုတ်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ လုပ်အားခမရတာလည်း ၇နှစ်ရှိပါပြီ။ လကုန်လို့ လစာရမယ်ထင်ပြီး သွားထုတ်တဲ့အချိန်တိုင်း မနက်ဖြန်မှထပ်လာခဲ့လို့ သူ့ကိုပြောတာခံရပါတယ်။” နယ်စည်းမထားဆရာဝန်များအဖွဲ့၏ အတွင်းလူနာ အာဟာရကျွေးမွေးရေးစင်တာ မှာ ဘက်သရာဒိုင်းဆိုသည့် သူမ၏ဒုတိယမြောက်ကလေး အတွက် ကျန်းမာရေးစောင့်ရှောက်မှု လာရောက် ခံယူနေရသော ဖက်တီမာကပြောသည်။
ဖက်တီမာ၏မိသားစုသည် အစပိုင်းက နိုင်ငံ၏တောင်ပိုင်းတွင် အလုပ်အကိုင် အခွင့်အရေးသစ်များ ရှာဖွေခဲ့သည်။ သို့သော နင်ဂျမီနာသို့ လက်ချည်းသက်သက်သာပြန်ခဲ့ရသည်။ ထို့နောက်တွင် ၎င်းတို့၏ အဖိုးတန်ပစ္စည်းများ၊ ကော်ဇော၊ လိုက်ကာနှင့်ဖျာများကို ရောင်းချခဲ့ရသည်။ သို့တိုင်အောင် အိမ်ငှားခမပေးနိုင်သေးပေ။ ၎င်းတို့ကျန်ခဲ့သမျှသော ပိုင်ဆိုင်ပစ္စည်းများကို ၎င်းတို့၏အိမ်ရှင်က သိမ်းပိုက်သွားသည်။
ပိုက်ဆံနည်းနည်းရှိရင်တော့ ကလေးတွေကို ကျွေးမွေးနိုင်ဖို့ ဈေးမှာ ကုန်ပစ္စည်းလေးတွေ ဝယ်ရောင်းလုပ်တယ်။ လောလောဆယ် အိမ်မှာ စားစရာသိပ်မရှိတော့ဘူး။ ဆန်တွေ ဂျုံတွေမရှိဘူး အာလူးနည်းနည်းပဲရှိတယ်။ ဒါပေမယ့်ထပ်မဝယ်နိုင်သေးဘူး၊ ဖာတီမာ က စိတ်ပူနေသည်။
နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ အာဟာရကျွေးမွေးရေးစင်တာမှ ၃၀မီတာဝေးသောနေရာက သီးသန့်မြေလို့ခေါ်တဲ့နေရာမှာ သံမဏိပြား၊ ကားဟောင်းမှ အပိုင်းအစများ၊ အခြားပြန်သုံးလို့ရသော ပစ္စည်းများနှင့် တည်ဆောက်ထားသော ရွက်ဖျင်တဲငယ်လေးများရှိသည်။ သီးသန့်မြေ၏အဓိပ္ပာယ်မှာ ထိုနေရာရှိ ပြည်သူများပိုင်ဆိုင်သော မြေကိုအာဏာပိုင်များက သိမ်းပိုက်ပြီး ဆက်လက်အသုံးပြုခွင့်မပေးတော့သောနေရာဖြစ်သည်။ ထိုနေရာတွင် မြို့တော်သို့ တိုတိုထွာထွာအလုပ်များလုပ်ရန် ကျေးလက်တောရွာမှ လာသောသူများနှင့် အခြေချနေထိုင်ရန်အိမ်ရာ မရှိသူများသည် တွေ့ကရာဖြင့် ယာယီတဲများ ဆောက်ထားသည်။
ဇီနာဘာ အမည်ရှိ အသက်၂၀ဝန်းကျင်ရှိ အမျိုးသမီးငယ်သည် ချာဒ်အလယ်ပိုင်း၊ဂူရာနယ်မြေရှိ မြို့ငယ်လေး မွန်ဂိုက ထွက်ခွာခဲ့ပြီးနောက် ဤနေရာတွင်နေထိုင်ခဲ့သည်မှာ ၂နှစ်ရှိပြီဖြစ်သည်။
“ကျွန်မတို့က စိုက်ပျိုးရေးလုပ်တာပါ” သူကရှင်းပြသည်။ “မိုးရွာတာက ပိုပိုဆိုးလာတယ်။ ရိတ်သိမ်းထားတဲ့ ကောက်ပဲသီးနှံတွေအများကြီး ပျက်စီးကုန်တယ်။ ဒါကြောင့်မိသားစုစားဝတ်နေရေးအတွက် အလုပ်ရှာဖို့ နင်ဂျမီနာ ကိုလာခဲ့တယ်။ ကျွန်မအမျိုးသားက နင်ဂျမီနာက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ ဈေးတွေမှာ ဂျုံအိတ်တွေ အတင်အချလုပ်တဲ့ ကုန်ထမ်းသမားလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း အလုပ်ရှာမရတော့ဘူး။ သူက နိုင်ငံရဲ့အရှေ့ဘက်မှာရှိတဲ့ ချာဒ်ရဲ့ စတုတ္တအကြီးဆုံးမြို့တော် အဘီချီမှာ အလုပ်ရှာဖို့အတွက် ထွက်သွားခဲ့ပါတယ်။”
သူ၏တဲအတွင်းတွင် ဇီနာဘာသည် ၂လအရွယ်ကလေးငယ်ကို စောင့်ရှောက်နေ၏။ “ကျွန်မ အမြွှာလေးမွေးခဲ့ပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်ပဲအဖတ်တင်ပါတယ်။ နောက်တစ်ယောက်က အသက်မရှင်ခဲ့ပါဘူး။ ကျွန်မက အိမ်တွေမှာ သန့်ရှင်းရေးလုပ်တယ်။ အင်္ကျီတွေလျှော်ပေးတယ်။ ကျွန်မမိသားစုကို အဲဒီလိုရှာကျွေးပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်ဝန်ရှိနေတုန်းကတော့ အရမ်းခက်ခဲခဲ့တယ်။”
အာဟာရပိုင်းဆိုင်ရာနှင့် ကလေးသူငယ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် ခက်ခဲခြင်း
စီးပွားရေးကျပ်တည်းမှုသည် နင်ဂျမီနာက ကလေးများတွင် အာဟာရချို့တဲ့မှုနှုန်း အန္တရာယ်ရှိအနေအထားထိရောက်အောင် မြင့်မားရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မဟုတ်ပါ။
ဟက်ဂျာ သည် ကလေးတစ်ယောက်အမေဖြစ်ပြီး သူ၏ ၁၈လအရွယ်သားငယ်သည် နယ်စည်းမထားဆရာဝန်များအဖွဲ့၏ အာဟာရကျွေးမွေးကုသရေးစင်တာတွင် တက်ရောက်နေသည်။ သူသည်ဆုံးဖြတ်ချက်ခိုင်မာပြီး ခေါင်းမာသူဖြစ်၏။ သူ၏သားငယ်ကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေကျွေးမွေးနိုင်သည်။ သို့သော် သားဖြစ်သူ နေထိုင်မကောင်းသည့် အခါ ကုသပေးရန် ကျန်းမာရေးအဆောက်အအုံ ရှာဖွေရသည်မှာ အကြီးမားဆုံးအခက်အခဲဖြစ်သည်။ “အဒူဒူကဖျားပြီးတော့ ဝမ်းလျှောတယ်။” သူကရှင်းပြသည်။ “သူ့ကို ဆေးရုံတင်ပြီး ဆေးကုသခ၊ ဆေးဝါးခတွေပေးပြီးကုပေးတယ်။ ဆေးရုံကဆင်းပြီး ရက်ပိုင်းအတွင်းမှာပဲ နေမကောင်းပြန်ဖြစ်လာတယ်။ ကျွန်မတို့နားက ဆေးခန်းက ဝန်ထမ်းတွေဆန္ဒပြလို့ပိတ်သွားတယ်လေ။ ဒါနဲ့ တခြားဆေးခန်းသွားတော့ သူအာဟာရ ချို့တဲ့နေတာဖြစ်နိုင်တယ်လို့ ပြောတယ်၊ ဒါပေမယ့် အဲဒီ့ရောဂါကုတဲ့နေ့ မဟုတ်သေးဘူးတဲ့၊ နောက်တော့ နာဂျရီ ကျန်းမာရေးစင်တာကို လွှဲလိုက်တယ်၊ အဲဒါနဲ့ နောက်ဆုံးမှာ နယ်စည်းမထားဆရာဝန်အဖွဲ့ရဲ့ ဆေးရုံကိုရောက်လာတာပါပဲ။” သူမက သက်ပြင်းချလျက်ဆိုသည်။
နင်ဂျမီနာရှိ ကျန်းမာရေးစင်တာပေါင်း ၆၀ (သို့) ၎င်းလောက်နီးနီး အထဲမှ ၂၅ခုထက်မနည်းတွင် ဆေးရုံတက်ရောက်ရန်လိုအပ်သည့် နောက်ဆက်တွဲရောဂါများမရှိသေးသော်လည်း ပြင်းထန် အာဟာရချို့တဲ့မှုခံစားရသော ကလေးငယ်များကို အာဟာရကုထုံးဖြင့် ကျွေးမွေးကုသသည့် အခန်းပါဝင်သည်။ တနင်္လာမှသောကြာအထိ ဖွင့်သော Alima/Alerte Santé မှကူညီထောက်ပံ့ထားသော စင်တာ၆ခုမှအပ UNICEF ၏ထောက်ပံ့မှုကို မှီခိုနေသော စင်တာအများစုမှာ ရက်ချိန်းပြန်ပြမှုများနှင့် အသင့်စားသုံးနိုင်သော အာဟာရကုထုံးအစားအစာ ရိက္ခာပေးဝေမှုများကို တစ်ပတ်လျှင်တစ်ကြိမ်သာ လုပ်ဆောင်သည်။ ထိုအချက်က ယခုကဲ့သော သေရေးရှင်ရေးအချိန်တွင် ကလေးသူငယ်များ ဆေးဝါးနှင့် အာဟာရဆိုင်ရာကုသမှုကို လျင်မြန်စွာ လက်လှမ်းမီရယူနိုင်ရန်ကို ပိုမိုခက်ခဲစေသည်။
“ပြင်းထန်အာဟာရချို့တဲ့တဲ့အချိန်မှာ ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်တွင်း ဇီဝလုပ်ငန်းစဉ်တွေ နှောင့်ယှက်ခံရပြီး ခုခံအားစနစ်လည်း ထိခိုက်သွားပါတယ်။ ဒါကြောင့် ရောဂါပိုးတွေ လျင်လျင်မြန်မြန်ကူးစက်ခံရနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်နိုင်တာပါ။” Okonta ကပြောသည်။
ကျွန်တော်တို့ နင်ဂျရီ အတွင်းလူနာစင်တာကို အရေးပေါ်ဖွင့်လှစ်ခဲ့သလိုမျိုး ဆေးရုံတက်ကုသမှုတွေလုပ်နိုင်ဖို့ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကို တိုးမြှင့်ရပါမယ်။ ဒါပေမယ့် အဓိကကျတာက ကျန်းမာရေးစင်တာတွေမှာ ပြင်းထန်အာဟာရချို့တဲ့ တဲ့ကလေးလူနာတွေ နောက်ဆက်တွဲရောဂါတွေ မဝင်လာခင် အချိန်မီ ကုသစောင့်ရှောက်မှုပေးနိုင်အောင် အစစအရာရာ သေချာအောင်လုပ်ရပါမယ်။
အဆုံး၌ ချာဒ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန နှင့်ပူးပေါင်းလုပ်ဆောင်ရာတွင် နယ်စည်းမထားဆရာဝန်များအဖွဲ့သည် ဆေးဝါးနှင့်အာဟာရဆိုင်ရာ ကုသဆောင်ရွက်မှုများကို နင်ဂျမီနာရှိ ကျန်းမာရေးစင်တာ၂ခုတွင် ဆောင်ရွက်နေသည်။ မြို့၏နေရာအနှံ့တွင်လည်း ထိုကဲ့သို့သော ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် ပြင်ဆင်နေပါသည်။