ဆေးယဉ်ပါးတီဘီရောဂါသည် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးကို အဓိကခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲပင်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တစ်နှစ်ထဲတွင် လူဆယ်သန်းခန့် တီဘီရောဂါကြောင့် ဖျားနာနေချိန်မှာ လူပေါင်းသန်းပေါင်းတစ်ဝက်ကျော်လောက်က တီဘီရောဂါအတွက် ထိရောက်မှုအရှိဆုံးဆေးဝါးများဖြစ်သည့် rifampicin ဆေးနှင့် isoniazid ဆေးကို ယဉ်ပါးနေကြသည်ဟု ခန့်မှန်းရရှိသည်။ အလွန်အမင်းဆေးယဉ်ပါးသည့် ပြင်းထန်တီဘီလူနာများအတွက် ဆေးကုသမှုရွေးချယ်စရာများသည် အလွန်ပင်နည်းပါးစွာ ရှိနေသည်။
MSF၏ တီဘီရောဂါအကြံပေးအရာရှိတစ်ယောက်ဖြစ်သော ဒေါက်တာ ဂါဘရီယယ်လာ ဖာလတ်ဇို ကဲ့သို့သော ဆရာဝန်များအတွက် ဆေးယဉ်ပါးတီဘီရောဂါ (DR-TB)သည် ပြင်းထန်သော စိန်ခေါ်မှုများကိုဖြစ်ပေါ်စေသည်။ အဆိုပါရောဂါမျိုးရှိနေသောလူနာများကို ရောဂါရှာဖွေဖော်ထုတ်ရန်နှင့် ဆေးကုသရန်အတွက်အသုံးပြုသော ကိရိယာများသည် အကန့်အသတ်ရှိနေပြီး မကြာခဏဆိုသလို ထိရောက်မှုမရှိ ဖြစ်နေဆဲပင် ဖြစ်သည်။ မကြာသေးခင်ကာလအထိ အလွန်အမင်းဆေးယဉ်ပါးသည့် တီဘီရောဂါအတွက် ကုသမှုခံယူနေသော လူ ၅ ဦးတွင် တစ်ဦးသာလျှင် ပျောက်ကင်းကုသနိုင်ပြီး ထိုသို့ပျောက်ကင်းရန်မှာလည်း နှစ်ရှည်လများ နာကျင်မှုကိုခံစားရပြီး အဆိပ်အတောက်ဖြစ်စေနိုင်သည့် အမျိုးအစားမတူညီသောဆေးဝါး ၇ မျိုးကျော်ကိုပုံမှန်သောက်ရသည်။
၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် delamanid နှင့် badaquiline ဟုခေါ်သည့် တီဘီဆေးသစ်နှစ်မျိုး လက်တွေ့စမ်းသပ်မှုများ၏ အစောပိုင်းအဆင့်မှ ရလဒ်များက အဆိုပါဆေးနှစ်မျိုးလုံးသည် ဆေးယဉ်ပါးတီဘီရောဂါကုသခြင်းတွင် ထိရောက်မှုရှိသည့် အလားအလာရှိကြောင်း သက်သေအထောက်အထားပြခဲ့သည်။ MSF အပါအဝင် တီဘီရောဂါကိုတိုက်ဖျက်နေသော ကျွမ်းကျင်ပညာရှင် အသိုင်းအဝိုင်းတွင် မျှော်လင့်ချက်နှင့် ယုံကြည်မှုတို့ သက်ဝင်လှုပ်ရှားလာခဲ့သည်။
“ဆရာဝန်တွေက သူတို့လူနာတွေရဲ့ ခရီးက ရှည်လျားမယ်၊ ခက်ခဲကြမ်းတမ်းမယ်၊ နောက်ပြီး တခါတရံမှာ အချည်းအနှီးဖြစ်သွားနိုင်တာကိုသိလျက်နဲ့ နည်းပါးလှတဲ့ ဆေးကုသမှုရွေးပိုင်ခွင့်များနဲ့ လူနာတွေရဲ့ရှေ့မှာထိုင်ရတာဟာ အလွန့်အလွန်စိတ်ပျက်ပြီး အားမလိုအားမရခံစားနေရတယ်။” ဟု ဂါဘရီယယ်လာ က ပြန်လည်ပြောပြသည်။ “ရုတ်တရက်ဆိုသလိုပဲ ကျွန်တော်တို့မှာ ပိုမိုထိရောက် ဘေးထွက်ဆိုးကျိုးနည်းပြီး အလားအလာကောင်းတဲ့ ဆေးအသစ်နှစ်မျိုး ရှိလာခဲ့တယ်။”
အဆိုပါဆေးနှစ်မျိုး၏ စွမ်းပကားကို စောစီးစွာသိရှိခဲ့သည့်နည်းတူ MSF တီဘီအဖွဲ့များက နိုင်ငံပေါင်းများစွာတွင်ရှိသည့် နည်းပါးလှသည့် ဆေးကုသမှုရွေးပိုင်ခွင့်များသာရှိသော လူနာများအတွက် delamanid နှင့် bedaquiline ကိုပေးဆောင်နိုင်ဖို့ရန် နည်းလမ်းများကို စူးစမ်းရှာဖွေခဲ့ကြသည်။ အဆိုပါဆေးဝါးမျးကို အသုံးပြုရန် ခွင့်ပြုချက်မရသေးသော်လည်း MSF သည် ၂၀၁၃ ခုနှစ်မှစတင်ပြီး လက်ရှိကုထုံးများနှင့်လုံးဝမသက်သာဘဲ ကုထုံးနည်းသစ် အရေးတကြီးလိုအပ်နေသူများအတွက် စမ်းသပ်ဆဲဆေးဝါးအသုံးပြုခြင်း (compassionate use) အနေအထားမျိုးတွင် ယင်းအလားအလာကောင်းသည့် ဆေးအသစ်များကို အသုံးပြုပြီး ဆေးယဉ်ပါးလူနာများကို ကုသမှုပြုလုပ်ခြင်းစတင်ခဲ့သည်။ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အာဏာပိုင်များက ယင်းတို့အသုံးပြုမှုကို ခွင့်ပြုခဲ့သောကြောင့် MSF သည် ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ စီမံကိန်း ၁၃ ခုတွင် အဆိုပါဆေးအသစ်နှစ်မျိုးကို မိတ်ဆက်ဖြန့်ဖြူးခဲ့သည်။ MSF သည် ခက်ခဲသည့် ဆေးကုသရေးဆုံးဖြတ်ချက်များပြုလုပ်ရန် ရင်ဆိုင်နေရသည့် ဆရာဝန်များအတွက်လည်း စတင်ထောက်ပံ့ပေးခဲ့ပြီး ဆေးအသစ်များကို ဘေးကင်းစွာအသုံးပြုနိုင်ရန်စောင့်ကြည့်စစ်ဆေးသည့် စနစ်တစ်ခုကိုလည်း ထားရှိပေးခဲ့သည်။
သို့သော်လည်းဆေးယဉ်ပါးရောဂါကိုပြင်းထန်စွာခံစားနေရသော လူနာများအတွက် delamanid နှင့် bedaquiline ကိုပေါင်းစပ်အသုံးပြုခြင်းအတွက် ခိုင်မာသော သက်သေသာဓက (သို့) လမ်းညွှန်မှုအနည်းအကျဉ်းသာရှိသေးသည်။ ထိုသက်သေသာဓကပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် MSF သည် ၂၀၁၆ ခုနှစ်တွင် ဆေးနှစ်မျိုးကို ကုသမှုတစ်စိတ်တစ်ပိုင်းအနေအဖြစ် လက်ခံရရှိနေသော အာမေးနီးယား၊ အိန္ဒိယ နှင့် တောင်အာဖရိကရှိ လူနာများအကြားတွင် ထိုဆေးများပေါင်းစပ်အသုံးပြုခြင်း၏ ဘေးကင်းစိတ်ချရမှုနှင့် စောစီးစွာအကျိုးသက်ရောက်မှုနှစ်ခုစလုံးကို တိုင်းတာရန်အတွက် အချက်အလက်များကို စုဆောင်းထားခဲ့သည်။ ပြင်းထန်ဆေးယဉ်ပါးတီဘီလူနာ ၂၃ ဦးတွင် လူနာ ၁၇ ဦး (၇၄ ရာခိုင်နှုန်း)က တီဘီရောဂါကုသမှု ၆ လအကြာတွင် ရောဂါပျောက်ကင်းသွားကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် အလားလာရှိသောရလဒ်ဖြစ်ပြီး ကုသမှုအောင်နိုင်သည်ဆိုသော အစောဆုံးတိုင်းတာချက်တစ်ခုဖြစ်ခဲ့သည်။ ထို့ပြင် ကြီးမားသည့် ဘေးထွက်ဆိုးကျိုးများမရှိကြောင်း လေ့လာတွေ့ရှိရသည့်အပြင် နှလုံးခုန်နှုန်းထိန်းညှိပေးသည့် လုပ်ဆောင်မှုအပေါ်ဆိုးကျိုးးသက်ရောက်မှုရှိလာနိုင်သည်ဟူသော အစောပိုင်းစိုးရိမ်မှုများလည်း လျော့ပါးလာခဲ့သည်။
“တကယ့်လက်တွေ့အခြေအနေတွေအောက်မှာ အခုလိုမျိုးအလားအလာကောင်းတဲ့ရလဒ်တွေ ရှာဖွေတွေ့ရှိခဲ့တာကို ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်။ ပိုပြီးယုံကြည်စိတ်ချခဲ့ရတာကတော့ နှလုံးခုန်နှုန်းထိန်းညှိပေးသည့် လုပ်ဆောင်မှုအပေါ်ဆိုးကျိုးးသက်ရောက်မှုရှိလာနိုင်သည်ဟူသောစိုးရိမ်မှုမှာလည်း မှန်ကန်မှုမရှိဘဲ နှလုံးခုန်နှုန်းမမှန်ခြင်းနှင့် မရှင်းပြနိုင်သောသေဆုံးခြင်းများမရှိခဲ့တာပါ။” MSF ၏ လုပ်ငန်းလည်ပတ်ရေးသုတေသနညှိနှိုင်းရေးမှူး ဒေါက်တာ ပတ်ထရို့စ် အီဆာခိဒစ် ကရှင်းပြခဲ့သည်။ “ကမ္ဘာတစ်ဝှမ်းရှိ တီဘီကပ်ရောဂါဖြစ်ပွားတဲ့ နေရာ ၃ ခုမှရရှိလာသော အချက်အလက်များနှင့်တကွ လေ့လာမှုက ခိုင်မာပြီး လက်တွေ့ကျတဲ့ ထိုးထွင်းအမြင်ကနေ ဒီဆေးပေါင်းစပ်မှုရဲ့ စွမ်းပကားကိုပြနေပါတယ်။”
လန်ဆက် ကူးစက်ရောဂါများ ဆေးပညာဂျာနယ် (The Lancet Infectious Diseases ) သည် အဆိုပါဆေးနှစ်မျိုးကိုလိုအပ်နေသော လူနာများအတွက် တီဘီကုသရေးအစီအစဉ်များတစ်လျှောက်လုံးတွင် delamanid နှင့် bedaquiline ဆေးများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြရန် တောင်းဆိုထားသည့် လေ့လာတွေ့ရှိချက်များကို ထုတ်ဝေခဲ့သည်။ လက်တွေ့စမ်းသပ်မှု ၂ ခုတွင် ဆေးနှစ်မျိုးစလုံးကို အသုံးပြုရန် ပါဝင်လိုသူများ စတင်စာရင်းပေးနေစဉ်တွင် ယင်းတို့၏ရလဒ်များကို ၃ နှစ်ကနေ ၅ နှစ်အတွင်း သိရှိနိုင်တော့မှာဖြစ်သည်။
“ကျွန်တော်တို့ရဲ့ လူနာတွေက လက်တွေ့စမ်းသပ်မှုခံယူဖို့အတွက် သိပ်စိတ်အားထက်သန်နေတယ်” ဟု ဂါဘရီယယ်လာ ကပြောကြားသည်။ “လက်တွေ့အခြေအနေတွေကရရှိတဲ့ ဒီနည်းပါးပေမယ့် ယုံကြည်စိတ်ချရမှုမြင့်မားတဲ့ရလဒ်တွေက ပြင်းထန်ဆေးယဉ်ပါးလူနာတွေအကြားတွင် ပေါင်းစပ်အသုံးပြုဖို့ရန်အတွက် ဒီဆေးနှစ်မျိုးက စိတ်ချရပြီး ထိရောက်မှုရှိတာကို ဖော်ပြနေပါတယ်။ ကျွန်တော်တို့ကတော့ ဒါက အကောင်းဆုံးဆေးကုသမှုရရှိရေးကို ထောက်ပံ့ပေးဖို့ရန် လက်တွေ့ကျတဲ့ ပြည်သူ့ကျန်းမာရေးတာဝန်တစ်ရပ် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ လက်ရှိမှာ ဒီဆေးတွေက ကျွန်တော်တို့ကို မျှော်လင့်ချက်အကောင်းဆုံးပေးနေတာပဲ ဖြစ်ပါတယ်။”
ဒီနေရာတွင် လေ့လာမှု၏ ရလဒ်များကို ကြည့်ရှုနိုင်ပါသည်။
MSF သည် နှစ်ပေါင်း ၃၀ ကြာ ဆေးယဉ်ပါးတီဘီရောဂါကို ကုသပေးလျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ ဆေးယဉ်ပါးတီဘီရောဂါစောင့်ရှောက်မှုပေးနေသည့် အစိုးရမဟုတ်သည့်ထောက်ပံ့ရေးအဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ဖြစ်သည်။ ကျွန်ုပ်တို့သည် လက်ရှိတွင် အိန္ဒိယ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ တောင်အာဖရိကနိုင်ငံ နှင့် ဥဇဘက်ကစ္စတန် အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် တီဘီ နှင့် ဆေးယဉ်ပါးတီဘီလူနာများကို ကုသပေးနေသည်။ MSF သည် delamanid နှင့် bedaquiline ပါဝင်သည့်ဆေးကုသမှုများကို ပေးဆောင်ရန် နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ ကျန်းမာရေးဝန်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။ အဆိုပါကုသမှုများတွင် လူနာ ၁,၁၁၀ ဦးသည် bedaquiline ကိုရရှိခြင်း၊ ၄၄၄ ဦးသည် delamanid ကိုရရှိခဲ့ကြပြီး ၁၁၇ ဦးသည် ဆေးနှစ်မျိုးစလုံးကို ရရှိခဲ့သည်။ MSF သည် တီဘီရောဂါကုထုံးအသစ် ရှာဖွေတွေ့ရှိရန်အတွက် လက်တွေ့စမ်းသပ်မှုနှစ်ခုဖြစ်သည့် EndTB နှင့် PRACTECAL တွင်လည်း ပါဝင်လုပ်ဆောင်နေသည်။ MSF သည် အနာဂတ်တွင် ထိရောက်မှုရှိသော ဆေးယဉ်ပါးတီဘီရောဂါကုသမှုများအတွက် အသစ်သောမော်လီကျူးများ တိုးတက်ပြောင်းလဲလာပြီး ကောင်းမွန်သောနည်းလမ်းများရှာဖွေတွေ့ရှိဖို့ရန် “ဘဝရဲ့ဆုလာဘ်” (The Life Prize) ဆိုသည့် ပဏာမလှုပ်ရှားမှုတစ်ခုကို ထောက်ပံ့ပေးနေသည်။