Quantcast
Channel: MSF Myanmar
Viewing all articles
Browse latest Browse all 66

အီလစ် - MSF ထောက်ပံ့ပေးသော ဆေးရုံသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားပြီးနောက် ပိတ်သိမ်းခဲ့

$
0
0

ဆီးရီးယားမြောက်ပိုင်းတွင်ရှိသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) မှထောက်ပံ့ပေးနေသော ဆေးရုံတစ်ရုံသည် လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့၊ တနင်္လာနေ့ နံနက် ၁၀း၂၀ ဝန်းကျင်က အီလစ်ပြည်နယ် ဆာရာကပ်မြို့တော်တွင်ရှိသော အယ်လ် ဟီဆန် ဆေးရုံဟု လူသိများသော အောင်းဒိုင်ဆေးရုံသည် လေကြောင်းတိုက်ခိုက်မှုနှစ်ခုကြောင့် ပျက်စီးခဲ့သည်။ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)ကို ဆက်သွယ်လာခဲ့သော ဆေးရုံမန်နေဂျာအပြောအရ အဆိုပါတိုက်ခိုက်မှုသည် ဆေးရုံအဆောက်အဦး၏ အစိတ်အပိုင်းအချို့ကို ဖျက်ဆီးခဲ့သည်။ ပထမဦးဆုံးလေကြောင်းတိုက်ခိုက်မှုသည် ဆေးရုံ၏စောင့်ဆိုင်းနားနေခန်းကို ထိမှန်ခဲ့ပြီး ဒုတိယတိုက်ခိုက်မှုသည် ဆေးရုံအရှေ့မျက်နှာစာနေရာကို ထိမှန်ခဲ့ပြီး အဆိုပါနေရာတွင် ရပ်ထားသောလူနာတင်ယာဉ်ကိုလဲ ပျက်စီးစေခဲ့သည်ဟု အခြားသောကျန်းမာရေးဝန်ထမ်းက ပြောကြားခဲ့သည်။ အဆိုပါဆေးရုံသည် ယင်းတို့၏အရေးပေါ်ဌာနအတွက် ဆေးဝါးများနှင့် ထောက်ပံ့ပစ္စည်းအလှူဒါနများကို MSF ထံမှ ရရှိသည်။

ဆေးရုံမန်နေဂျာအဆိုအရ အဆိုပါတိုက်ခိုက်မှုသည် အစောပိုင်းတစ်နာရီလောက်က ဆာရာကပ်၏အဓိကဈေးတွင် ဖြစ်ပေါ်ခဲ့ပြီး လူ ၁၁ ဦးသေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုမှ ဒဏ်ရာရရှိသောလူနာများကို ဆေးကုသပေးနေခဲ့စဉ်အချိန်က ဖြစ်ပွားခဲ့သည်။ ယင်းဆေးရုံတိုက်ခိုက်ခံရမှုကြောင့် ကလေးတစ်ဦးအပါအဝင် အနည်းဆုံး ၅ ဦးသေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၃ ဦးအပါအဝင် လူ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ယင်းကပြောကြားခဲ့သည်။

“ဒီနောက်ဆုံးဖြစ်ပွားမှုက ဆီးရီးယားနိုင်ငံမှာ တိုက်ခိုက်မှုတွေအောက် ကျရောက်လာနေတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် လူသားမဆန်တဲ့ရက်စက်ကြမ်းကြုတ်မှုကိုပြသနေပါတယ်။ ဆေးရုံကိုရောက်လာတဲ့လူနာတွေကို ကုသနေစဉ်မှာ ဒီလိုတိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်ဆိုတာ အလွန်ဆိုးရွားတဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ရှင်းလင်းပြတ်သားစွာ ချိုးဖောက်လိုက်တာလည်းဖြစ်တယ်။” ဟု ဆီးရီးယားမြောက်ပိုင်းရှိ MSF ဌာနေကိုယ်စားလှယ် လူးဝစ် မွန်တီရယ် ကပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၉ လေကြောင်းတိုက်ခိုက်မှုများသည် လွန်ခဲ့သော ၁၀ ရက်အတွင်း ဆေးရုံကို ဒုတိယအကြိမ်မြောက် ထိခိုက်စေခဲ့တာဖြစ်သည်။ ဇန်နဝါရီလ ၂၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတစ်ခုသည် ဆေးရုံဝင်ပေါက်၏ အပြင်ဘက်ဟင်းလင်းပြင်ကို ထိမှန်ခဲ့သည်။ ထိုပေါက်ကွဲမှုက အဆောက်အဦး၏ ပြတင်းပေါက်များကို ပွင့်ထွက်သွားစေခဲ့ပြီး လျှပ်စစ်မီးစက်များပျက်စီးသွားသည့်အတွက် ဆေးရုံကိုပါ ၃ ရက်တာပိတ်ခဲ့ရသည်။

အောင်းဒိုင်ဆေးရုံကို အကန့်အသတ်မရှိပိတ်ခဲ့ရပြီး အီလစ်၏ အရှေ့ပိုင်းကျေးလက်ဒေသနှင့် အရှေ့မြောက်ဖက် ဟာမာဒေသတွင် လောလောလတ်လတ်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုမှ ထွက်ပြေးတိမ်းရှောင်လာခဲ့သည့် ဆီးရီးယားလူမျိုးများ၏ အစုလိုက်အပြုံလိုက်နေရာ ပြောင်းရွှေ့မှုကြောင့် အဆိုပါဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များ တိုးလာတော့မည့်အချိန်မှာ အဆိုပါတိုက်ခိုက်မှုသည် အချိန်ကိုက်ဖြစ်ပွားခဲ့သည်။ သောင်းချီသောမိသားစုများသည် မြောက်ဘက် တူရကီနယ်စပ်ဆီသို့နှင့် အီလစ်ဒေသ၏ မြောက်ဘက်အရပ်ဒေသများနှင့် အနောက်ဘက် အလက်ပိုကျေးလက်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ယင်းတို့သည် အလွန်အေးသော ဆောင်းရာသီတွင် လူများပြည့်ကျပ်နေသောတဲများ သို့မဟုတ် ယာယီတဲများတွင် နေထိုင်ကြရသည်။

“ဒီဒေသမှာရှိတဲ့လူတွေက ခက်ခဲကြမ်းတမ်းမှုအသစ်တွေကို တောင့်ခံနေရပြီး ကျန်းမာရေးလိုအပ်ချက်တွေလည်း တိုးလာဦးမှာပါ။ အောင်းဒိုင်ဆေးရုံကို ဆုံးရှုံးရတာဟာ ဆင်းရဲဒုက္ခရောက်ပြီးသား လူတွေအတွက်  သိသာထင်ရှားတဲ့သက်ရောက်မှုတစ်ခုဖြစ်သွားမှာပါ။” ဟု မွန်တီရယ် က ဆက်လက်ပြောကြားခဲ့သည်။ 

ကုတင် ၁၈ ဆံ့ အောင်းဒိုင်ဆေးရုံသည် လူဦးရေ ၅၀,၀၀၀ ခန့်ကိုဝန်ဆောင်မှုပေးနေသည့် အီလစ်အရှေ့ပိုင်း ကျေးလက်ဒေသ၊ ဆာရာကပ်ခရိုင်တွင်ရှိသော တစ်ခုတည်းသောပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သည်။ တိုက်ခိုက်မှုမတိုင်မီက ဆေးရုံတွင် အရေးပေါ်အခန်းတစ်ခုနှင့် ပြင်ပလူနာဌာနတို့ ရှိပြီး အထွေထွေကုသမှုနှင့်ပြင်းထန်သော ထိခိုက်ဒဏ်ရာရမှုတို့အတွက် ခွဲစိတ်မှုတို့ကိုလုပ်ဆောင်ပေးခဲ့သည်။ ဆေးရုံသည် ပျမ်းမျှအားဖြင့် တစ်လလျှင် တိုင်ပင်ဆွေးနွေးမှုပေါင်း ၃,၈၀၀ လုပ်ဆောင်ပေးခဲ့သည်။

 “နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေနဲ့ သိသာထင်ရှားစွာ ပိတ်ပင်တားမြစ်ထားတာတောင် ကျန်းမာရေးအဆောက်အဦးတွေကို တိုက်ခိုက်နေမှုများက ဆီးရီးယားမှာ သာမန်ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေဆဲဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပြင်းပြင်းထန်ထန်ထိခိုက်စေပါတယ်။” ဟု မွန်တီရယ်က ပြောခဲ့သည်။

၂၀၁၆ ခုနှစ်တွင် MSF ထောက်ပံ့ပေးခဲ့သော ကျန်းမာရေးဆေးရုံ ၃၂ ခုတွင် ဗုံးပေါက်ကွဲမှု နှင့် လက်နက်ကြီးထိမှန်မှု ၇၁ ကြိမ်ဖြစ်ပွားခဲ့သည်။၂၀၁၅ ခုနှစ်တွင် ဆီးရီးယားတွင်ရှိသော MSF ထောက်ပံ့ပေးသည့် ဆေးရုံများနှင့် ဆေးခန်းပေါင်း ၆၃ခုကို ၉၄ ကြိမ်တိုက်ခိုက်ခံခဲ့ရကြောင်း မှတ်တမ်းတင်ခဲ့သည်။

_______________________________________________________________

MSF သည် ဆီးရီးယားမြောက်ပိုင်းတွင် နယ်လှည့်ဆေးခန်း ၃ ခုနှင့် ကျန်းမာရေးဌာန ၅ ခုကို တိုက်ရိုက်စီမံဆောင်ရွက်ပြီး ယင်းတွင် မိတ်ဖက်ကျန်းမာရေးဆေးရုံ ၅ ခုရှိသည်။ MSFအဖွဲ့များသည် လက်ရှိတွင် သွားရောက်ဝန်ဆောင်မှုပေးရန် ခက်ခဲနေသေးသော နေရာများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဆေးရုံ ၅၀ ဝန်းကျင်ကို အဝေးရောက်ကျန်းမာရေးဝန်ဆောင်မှု ပေးအပ်နေသည်။ ထိုဆေးရုံများတွင် MSF ဝန်ထမ်းများ ရှိမနေကြသေးပေ။ ဆီးရီးယားရှိ အစ္စလာမ်အဖွဲ့(IS) ထိန်းချုပ်ထားသည့် ဒေသများတွင် လုံခြုံရေးနှင့် ဘက်မလိုက်မှုအတွက် အာမခံချက်ကို ၎င်းတို့၏ခေါင်းဆောင်မှုမှမရရှိနိုင်သည့်အတွက် MSF မှကျန်းမာရေးလုပ်ငန်းများ ၀င်ရောက်လုပ်ဆောင်ခြင်းမရှိခဲ့ပေ။ ထို့အပြင် အစိုးရမှထိန်းချုပ်ထားသည့်နေရာများတွင်လည်း  MSF မှဝင်ရောက်လုပ်ဆောင်ခွင့်တောင်းထားသော်လည်း ယခုအချိန်ထိ ၀င်ရောက်ခွင့်မရသေးပါ။ နိုင်ငံရေးဖိအားပေးခြင်းများမှ လွတ်လွတ်လပ်လပ်ရှိစေရန်အတွက် MSF သည် ဆီးရီးယားတွင်ရှိသော ယင်း၏လုပ်ငန်းအတွက် အစိုးရထောက်ပံ့ကြေးငွေများကို လက်မခံခဲ့ပေ။


Viewing all articles
Browse latest Browse all 66