Quantcast
Channel: MSF Myanmar
Viewing all articles
Browse latest Browse all 66

ယီမင်နိုင်ငံတွင် MSF မှ ထောက်ပံ့ပေးနေသည့် ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရ

$
0
0

msf155208.jpg

“ဒီစစ်ပွဲတွေကြောင့် ထိခိုက်ခံစားနေရတဲ့သူတွေဟာ သာမန်အရပ်သားတွေပဲ ဖြစ်ကြပါတယ်” Raquel Ayora / စီမံကိန်းညွှန်ကြားရေးမှူး

ယီမင်နိုင်ငံမြောက်ပိုင်းတွင် MSF မှ ထောက်ပံ့ပေးထားသော ဆေးရုံကို ဗုံးဆန် ထိမှန်ခဲ့သည့်အတွက် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ ပျက်စီးခဲ့ပြီး လူ ၁၀ ဦးဒဏ်ရာရကာ ၅ ဦး သေဆုံးခဲ့ပါသည်။ ဒဏ်ရာရရှိသူ ၃ ဦးမှာ MSF မှ ဝန်ထမ်းများဖြစ်ပြီး ၄င်းတို့အနက် ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဒေသရှိ ဆေးရုံဝန်ထမ်းများ၏ ပြောကြားချက်အရ နံနက် ၉း၂၀ ခန့်တွင် ၂၀၁၅ နိုဝင်ဘာလကတည်းက MSF အလုပ် လုပ်ကိုင်နေသော ရာဇီးဒေသရှိ ရှရီယာဆေးရုံကို ဗုံးဆန်တစ်ခု ထိမှန်ခဲ့သည်။ MSF မှ အဆိုပါ တိုက်ခိုက်မှု၏လားရာကို အတည်ပြု ခန့်မှန်းနိုင်ခြင်းမရှိသော်လည်း ဆေးရုံပေါ်တွင် လေယာဉ်များ ပျံသန်းသွားသည်ကို တွေ့ရှိခဲ့သည်။ အနည်းဆုံး ဗုံးတစ်လုံးထက်မက ဆေးရုံအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦး အပျက်အစီးများအကြား ပိတ်မိနေသည့် လူများရှိနေသေးသည့်အတွက် သေဆုံးမှုနှုန်းမှာ မြင့်တက်လာနိုင်ဖွယ် ရှိသည်။ ဆေးရုံဝန်ထမ်းများနှင့် လူနာများကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးပြီး အဆိုပါ လူနာများအား ဆာဒါးဒေသရှိ MSF မှပင် ထောက်ပံ့ထားသည့် အလ်ဂူမိုရေးဆေးရုံသို့ ထပ်မံပြောင်းရွှေ့ပေးခဲ့သည်။

“ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေ အပါအဝင် လက်ရှိတိုက်ခိုက်လျက်ရှိသော အဖွဲ့တွေဆီကို MSF အလုပ် လုပ်ကိုင်နေတဲ့ ဆေးရုံတွေရဲ့ မြေပြင်တည်နေရာပြ အချက်အလက်တွေ ပုံမှန်သတင်းပေးပို့ထားတဲ့အတွက် ဒီပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို နားလည်သဘောပေါက်ဖို့လိုပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ ထောက်ပံ့ပေးနေတာကို လေးစားဖို့ လိုအပ်တယ်” ဟု စီမံကိန်းညွှန်ကြားရေးမှူး Raquel Ayora မှ ပြောသည်။ “MSF ကနေ ထောက်ပံ့ပေးထားတဲ့ ရှရီယာဆေးရုံလိုမျိုး ကျန်းမာရေးဝန်ဆောင်မှု အထူးပေးနေတဲ့ အဆောက်အအုံကို လေကြောင်းမှ တိုက်ခိုက်တာ ဒါမှမဟုတ် ဒုံးကျည်နဲ့ ပစ်လွှတ်တာမျိုး မည်သူတစ်ဦးတစ်ယောက် မပြုလုပ်ဖို့ လိုတယ်” ဟု ၎င်းက ထပ်မံပြောဆိုခဲ့သည်။

ကျွန်ုပ်တို့အနေဖြင့် အဆိုပါ ပဋိပက္ခများ ပြုလုပ်နေသော အဖွဲ့များအနေဖြင့် လူနာများနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အဦများအား လေးစားမှုပြုဖို့နှင့် ဆေးရုံအား ဗုံးကြဲတိုက်ခိုက်ခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ထိပါးခြင်းဖြစ်ကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့သည်ဟု Ayora မှ ထပ်မံဖြည့်စွက်ခဲ့သည်။

ရာဇီးဒေသသည် ပုံမှန်အားဖြင့် ဆိုးရွားသော ပဋိပက္ခများ ဖြစ်ပွားလေ့ရှိသည်။ အဆိုပါ ဒေသရှိ ပြည်သူများသည် ဗုံးဒဏ်ကို အဆက်မပြတ် ဆိုးရွားစွာ ခံစားနေရပြီး စစ်ပွဲမှာ ၁၀ လကြာသည့်တိုင် မြင့်တက်လျက် ရှိသည်။ ရှရီယာဆေးရုံမှာ MSF ၏ ထောက်ပံ့မှု မရခင်အချိန်ကတည်းက ဗုံးဒဏ်ကို ခံစားနေရသည့်အတွက် လူနာများအား အခြေအနေ ပြန်လည်တည်ငြိမ်လာစေရန် ပြုစုကုသခြင်း၊ အရေးပေါ်ကုသပေးခြင်း၊ သားဖွားခြင်းနှင့် အသက်ကယ် စောင့်ရှောက်ခြင်း လုပ်ငန်းများအား ယခင်ကတည်းက လျှော့ချထားခဲ့ရသည်။

ယခုဖြစ်စဉ်မှာ MSF ၏ ကျန်းမာရေးအဆောက်အအုံများအား ပြီးခဲ့သည့် ၃ လအတွင်း ၃ ကြိမ်မြောက် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ အောက်တိုဘာ ၂၇ ရက်နေ့တွင် ဟေဒန်ဆေးရုံသည် ဆော်ဒီ ဦးဆောင်သော မဟာမိတ်အဖွဲ့များ၏ လေကြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဒီဇင်ဘာ ၃ ရက်နေ့တွင် Taiz ဒေသရှိ ကျန်းမာရေးအဆောက်အုံမှာလည်း ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့များ၏ လေကြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရကာ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ MSF အဖွဲ့များသည် လက်နက်ကိုင်အဖွဲ့များအားလုံးထံမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော နေရာများအား လေးစားမှုရှိစေရန် နေ့စဉ် ရုန်းကန်လှုပ်ရှားနေကြရသည်။

“တကယ့်ကို ထိခိုက်ခံစားနေရတဲ့ လူထုတွေမှာ ရက်သတ္တပတ်ပေါင်းများစွာ ကျန်းမာရေး စောင့်ရှောက်မှု မရရှိနိုင်တာကြောင့် ကျွန်တော်တို့အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေပြီး မရှိမဖြစ် ကျန်းမာရေး အဆောက်အအုံတွေဟာလည်း တိုက်ခိုက်ခံနေရတဲ့အတွက် အခုလို ပူပန်နေရတဲ့အပေါ် ပြင်းထန်စွာ ရှူတ်ချလိုက်ပါတယ်” ဟု Ayora မှ ပြောဆိုခဲ့သည်။

“ဒီစစ်ပွဲတွေကြောင့် ထိခိုက်ခံစားနေရတဲ့ သူတွေဟာ သာမန်အရပ်သားတွေပဲ ဖြစ်ကြပါတယ်”

ဆေးဘက်ဆိုင်ရာ အဆောက်အုံများအား တိုက်ခိုက်ခြင်းကို ချက်ချင်းရပ်တန့်စေရန် MSF မှ တောင်းဆိုလျက်ရှိပြီး အဖွဲ့ဝင်အားလုံးကိုလည်း လုံခြုံမှုရှိသော လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရရှိနိုင်မည့် အခြေအနေများ ဖန်တီးပေးရန် ပွင့်လင်းစွာ တောင်းဆိုလျက်ရှိသည်။ တာဝန်ရှိသူများကိုလည်း အဆိုပါ တိုက်ခိုက်မှု အဖြစ်အပျက်၏ အခြေအနေများကို စုံစမ်းစစ်ဆေးရန် MSF မှ တောင်းဆိုလျက်ရှိသည်။


ယီမင်နိုင်ငံတွင် MSF သည် Aden, Al-Dhale’, Taiz, Saada, Amran, Hajjah, Ibb နှင့် Sana’a စသည့် အစိုးရအုပ်ချုပ်ရာ ဒေသများတွင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၅ ခုနှစ် မတ်လမှ စ၍ MSF အဖွဲ့ သည် စစ်ပွဲဒဏ်ရာရ လူနာ ၂ သောင်းကျော်အား ကုသပေးခဲ့သည်။ ယခုအချိန်အထိ တန်ချိန် ၇၉၀ ကျော်ခန့်ရှိသော ဆေးဘက်ဆိုင်ရာပစ္စည်းများကို MSF မှ ပေးပို့ခဲ့ပြီးဖြစ်သည်။ MSF သည် ဆေးရုံ၊ ကျန်းမာရေးဌာန ၁၁ ရုံကို စီမံခန့်ခွဲလျက်ရှိပြီး ဆေးခန်း ၁၈ ခုတို့ကိုလည်း ပုံမှန်ထောက်ပံ့လျက် ရှိသည်။


Viewing all articles
Browse latest Browse all 66