ဆေးယဉ်ပါးတီဘီရောဂါလူနာများသည် တီဘီဆေးဝါးအသစ် နှစ်မျိုးဖြစ်သည့် bedaquiline နှင့် delamanid ကို ယခုတိုင် အသုံးပြုနိုင်ခြင်းမရှိသေးပါဟု ကမ္ဘာတစ်ဝန်း တီဘီရောဂါ ကုသမှုပေးနေသည့် အဖွဲ့များ စုံစည်းသည့် ဆွေးနွေးပွဲဖြစ်သည့် မက္ကဆီကိုနိုင်ငံ ဂွာဒါလာဂျာရာမြို့တွင် ကျင်းပသော ၄၈ ကြိမ်မြောက် ကမ္ဘာ့အဆုတ်ရောဂါဆိုင်ရာဆွေးနွေးပွဲတွင် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) မှ ပြောကြားလိုက်သည်။
အဆိုပါတီဘီဆေးဝါးများအား အသုံးပြုနိုင်သည်မှာ လေးနှစ်ကျော်နေပြီဖြစ်ပြီး၊ ရောဂါပျောက်ကင်းနှုန်းမှာလည်း တိုးတက်လျက်ရှိသည်။
၂၀၁၂ နှင့် ၂၀၁၄ ခုနှစ်ကတည်းက ဈေးကွက်အသိအမှတ်ပြုပြီးဖြစ်သော bedaquiline နှင့် delamanid ဆေးဝါးအသစ်နှစ်မျိုးသည် နှစ် ၅၀ အတွင်း ပထမဆုံးအဖြစ် အသစ်ထပ်မံ ပေါ်ထွက်လာသည့် တီဘီအတွက် ဆေးဝါးများ ဖြစ်သည်။ ယင်းဆေးဝါးများသည် ကုသပျောက်ကင်းရန် အခွင့်အလမ်းနည်းပါးနေသည့် ဆေးယဉ်ပါးမှုပုံစံမျိုးစုံ ခံစားနေရသူများအတွက် အသက်ကယ်တင်ပေးနိုင်သည့် ဆေးဝါးများအဖြစ် ရပ်တည်နေသည်။ ၂၀၁၆ ခုနှစ်အတွင်း MSF မှ ခန့်မှန်းခဲ့သည်မှာ သောက်သုံးရန် အမှန်တကယ် လိုအပ်နေသူများ၏ ၅ ရာခိုင်နှုန်းခန့်သာလျင် အဆိုပါဆေးဝါးကို သောက်သုံးခွင့်ရခဲ့သည်ဟု ဆိုသည်။
အဆိုပါဆေးဝါးများအား မှာယူတင်သွင်းသည့် နှုန်း ဆိုးဆိုးရွားရွား နှေးကွေးနေသည့်အပေါ်တွင်လည်း MSF မှ စိုးရိမ်မကင်းဖြစ်နေသည်။ ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်အတွင်း အဆိုပါ ဆေးအသစ်နှစ်မျိုးအား လူနာ ၃၉၄၃ ဦးအတွက် ပုံမှန်မှာယူနေကျ ဆေးရုံဆေးခန်းမှသာလျင် မှာယူခဲ့သည့်အတွက် ယခင် ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်တွင် မှာယူတင်သွင်းခဲ့သည်နှင့် နှိုင်းယှဉ်လျင် လူနာ ၁၀၀၀ လောက်သာ တိုးလာသည်ဟု ဆိုရမည်ဖြစ်သည်။
တောင်အာဖရိကနိုင်ငံ ခါရာလစ်ရှာရှိ MSF စီမံကိန်းတွင် delamanid ဆေးအသစ်ဖြင့် ကုသမှုခံယူခဲ့သည့် ပြင်းထန်ဆေးယဉ်ပါးတီဘီလူနာ စင်နီသမ်ဘာခူဇီက ယခုလိုပြောသည်။
“Delamanid က ကျွန်မကို ဘဝမှာ ဒုတိယအကြိမ်ရှင်သန်ဖို့အတွက် အခွင့်အရေးပေးလိုက်သလိုပါပဲ။ ဒီဆေးလုံးလေးတွေကို ကျွန်မလိုပဲ ဆေးယဉ်ပါးတီဘီရောဂါ ခံစားနေရသူအကုန် သောက်သုံးခွင့်ရပါစေလို့ ကျွန်မ ဆုတောင်းပါတယ်။ အခုအချိန်မှာ လူတွေဟာ ကုသမှုခံနေရင်း ဆေးဒဏ်မခံနိုင်လို့ အော့အန်နေကြရတယ်၊ ဒါမှမဟုတ် ထိုးဆေးဒဏ်ကြောင့် ငိုကြွေးနေကြရတယ်၊ တချို့ဆို အကြားအာရုံ ပျောက်ဆုံးသွားတာမျိုးနဲ့ စာသင်ကျောင်းတွေနဲ့ အလုပ်တွေကနေ ထွက်သွားရတာမျိုး ကြုံနေရတယ်။”
တစ်ကမ္ဘာလုံးအနေဖြင့် ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားနေသူ ၃၀ ရာခိုင်နှုန်းခန့်သာလျင် အဆိုပါ တီဘီဆေးအသစ်ကို သောက်သုံးခွင့်ရနေသည်ဟု ခန့်မှန်းရသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ရရှိသည့် ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်း ဆေးယဉ်ပါးလူနာ ၁၀,၁၆၄ သာလျင် bedaquiline ဆေးရရှိပြီး၊ ၆၈၈ ဦးသာလျင် delamanid ဆေး ရရှိခဲ့သည်။
“လွန်ခဲ့တဲ့ ငါးနှစ်တုန်းကဆို ကျွန်တော်တို့မှာ ရွေးချယ်ကုသပေးနိုင်တဲ့ ဘာကုထုံးမှ ရှိမနေခဲ့ဘူး၊ အဲ့ဒီတော့ လူတွေကို ဆေးယဉ်ပါးနဲ့ပတ်သတ်တဲ့ ကုထုံးတွေပေးတဲ့နေရာမှာ တချို့ဘေးအန္တရာယ်တွေကို အတင်းအဓမ္မ လက်ခံစေခဲ့ရပါတယ်၊ ကုသပျောက်ကင်းမှု နည်းမယ်လို့ သိနေခဲ့ရက်နဲ့ပါ။ ဒါပေမဲ့ အခု ဒီဆေးတွေပေါ်ထွက်လာနေပြီ၊ ဘာကြောင့် သုံးစွဲခွင့်မရတာလဲ” ဟု MSF ၏ Access Campaign ၏ (ဆေးဝါးများ သုံးစွဲနိုင်ခွင့်အတွက် လှုပ်ရှားမှုအဖွဲ့) အိတ်ခ်ျအိုင်ဗွီနှင့် တီဘီရောဂါဆိုင်ရာ ကျန်းမာရေးအကြံပေး ဒေါက်တာ အီစာချီဂွန်ဟွာ က ပြောသည်။
“ဒီကနေ့လို အချိန်အထိ ကုထုံးဟောင်းတွေရဲ့ ဆေးတွေနဲ့သာ လူတွေကို ဆက်လက်ကုသနေရပြီး၊ ပိုကောင်းတဲ့ ကုထုံးတွေကို အသုံးပြုခွင့် မရသေးတာဟာ တကယ့်ကို လက်သင့်ခံနိုင်ဖွယ်ရာ မဟုတ်ပါဘူး၊ တကယ်လို့သာ ဆေးအသစ်တွေကိုသာ အသုံးပြုခွင့်ရမယ်ဆိုရင် လူတွေ အသက်ရှင်နေထိုင်ဖို့အတွက် ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ပေးနိုင်မယ်ဆိုတာကို ကျွန်တော်တို့ သိနေပါတယ်။”
တီဘီရောဂါသည် ကမ္ဘာ့သေဆုံးမှုအများဆုံး ကူးစက်ရောဂါဖြစ်ပြီး နှစ်စဉ် လူပေါင်း ၁.၈ သန်း သေဆုံးနေသည်။ လက်ရှိတွင် ဆေးယဉ်ပါးတီဘီရောဂါအတွက် စံအဖြစ် အသုံးပြုနေသည့် ကုသမှုတွင် ဆေးပြား ၁၅,၀၀၀ နီးပါးကို နှစ်နှစ်ကျော်ကာလအထိ သောက်သုံးရန်လိုအပ်ပြီး အမျိုးမျိုးသော ဘေးထွက်ဆိုးကျိုးများကို ခံစားရသည်။ အဆိုပါကုထုံးသည် လူနှစ်ဦးလျင် တစ်ဦးသာ ပျောက်ကင်းနိုင်သည်။
အဆိုပါ တီဘီဆေးဝါးအသစ် နှစ်မျိုးအား ဈေးကွက်တွင် ဝယ်ယူခွင့်ရနိုင်နသည်မှာ ပိုမိုတိုးတက်ကောင်းမွန်လာသည့် ဆေးယဉ်ပါးတီဘီရောဂါ ကုသမှုနှင့် ကုထုံးအတွက် ပိုမိုကောင်းမွန်သည့် မျှော်လင့်ချက်ပင် ဖြစ်သည်။ “bedaquiline နဲ့ delamanid ဆေးတွေ အသုံးပြုနိုင်ခွင့်ဟာ အခုအထိ အကြောင်းပြချက်တချို့နဲ့ ကန့်သတ်ခံထားနေရပါတယ်၊ တခြား တီဘီရောဂါကုသမှု စီမံကိန်းတွေရဲ့ ရှေးရိုးစွဲမှုကလည်း အကြောင်းတစ်ချက် အနေနဲ့ ပါဝင်နေပါတယ်” ဟု ဒေါက်တာ ချီဂွန်ဟွာ က ဆိုသည်။
“ဒီဆေးအသစ်တွေကို အသုံးပြုခွင့်မရတာဟာ ဒီကုထုံးကို လက်ခံရယူခွင့်ရှိနေတဲ့ လူနာတွေအတွက်တော့ တကယ့်ကို မတရားတဲ့အဖြစ်ပါပဲ။ ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါ ကုသမှုပေးနေတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ အလှူရှင်တွေအနေနဲ့လည်း ဒီဆေးအသစ်နှစ်မျိုးကို များများအသုံးပြုခွင့်ရနိုင်အောင် လှုပ်ရှားမှုတွေ မဖြစ်မနေ အမြန်ဆုံး ပြုလုပ်သင့်ပါတယ်၊ အဲ့ဒါမှသာ ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်ပွားနေတဲ့သူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။”
MSF သည် တီဘီရောဂါဝေဒနာရှင်များကို နှစ်ပေါင်း ၃၀ တိုင်အောင် ကုသပေးလျက်ရှိနေပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် MSF သည် ဆေးယဉ်ပါးတီဘီရောဂါဝေဒနာရှင် ၂,၇၀၀ ဦးအပါအဝင် တီဘီရောဂါဝေဒနာရှင်ပေါင်း ၂၀,၀၀၀ ကျော်ကို ကုသပေးခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လလောက်က အမျိုးသားကျန်းမာရေးဝန်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသော MSF သည် bedaquiline နှင့် delamanid ဆေးနှစ်မျိုးစလုံး သို့မဟုတ် ဆေးတစ်မျိုးစီပါဝင်သော ဆေးယဉ်ပါးတီဘီရောဂါ ကုသမှုနည်းစနစ်များကို နိုင်ငံ ၁၄ နိုင်ငံရှိ လူနာပေါင်း ၁,၅၀၀ ကျော်ကို စတင်ကုသပေးလျက်ရှိသည်။
*အဆိုပါခန့်မှန်းချက်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လူများမှာ - အခြားသောဆေးများနှင့် ကုသမှုမခံယူနိုင်သည့် ပြင်းထန်ဆေးယဉ်ပါးတီဘီ(XDR-TB)ရှိနေသောလူများနှင့် ဆေးယဉ်ပါးတီဘီ(MDR-TB)ရှိနေသောလူများ ပါဝင်သည်။ ဆေးယဉ်ပါးတီဘီကုသမှုတိုးမြှင့်လှုပ်ရှားရေးအဖွဲ့(STAT)၏ ရှေးရိုးဆန်သော ခန့်မှန်းချက်များအရ ဆေးယဉ်ပါးတီဘီရောဂါရှိနေသောလူပေါင်း ၃၀ ရာခိုင်နှုန်းက ဆေးအသစ်များမှ အကျိုးကျေးဇူးရရှိနိုင်သည်။ MSF၏ အခြေခံကွင်းဆင်းအတွေ့အကြုံများအရ အဆိုပါတွက်ဆချက်မှုသည် ပြင်းထန်ဆေးယဉ်ပါးတီဘီနှင့် ဒုတိယအဆင့်ဆေးသောက်ပြီးသည့် လူများ၏ မြှင့်တက်မှုအချိုးရှိနေသောနေရာများတွင် ၇၀ ရာခိုင်နှုန်း မြှင့်တက်သွားနိုင်သည်။