နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) မှ စိတ်ကျန်းမာရေးထောက်ပံ့ပေးသည့် အဖွဲ့လေးဖွဲ့အား မက္ကဆီကိုမြို့၏ နေရာအများအပြားသို့ စေလွှတ်ပြီး စိတ်ကျန်းမာရေးထောက်ပံ့ပေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများအား ပေးအပ်လျက်ရှိသည်။ အဆိုပါ မိုရီလိုပြည်နယ်သည် စက်တင်ဘာလ ၁၉ ရက်နေ့ အင်္ဂါနေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသည်။ ထို့အပြင် ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာသည့် အကူအညီပေးရေးအဖွဲ့သည် ငလျင်ကြီးလှုပ်အပြီး ၁၂ ရက်အကြာတွင် ထပ်မံလှုပ်ရှားခဲ့သည့် အခြားငလျင်ဒဏ်ကို ခံစားခဲ့ရသည့် အိုဆာကာပြည်နယ်ရှိ လူထုအတွက်လည်း ကူညီမှုများ ပေးအပ်ခဲ့သည်။
မိုရီလိုပြည်နယ် အက်ဇိုချီယာပန်မြို့ကို ဗဟိုချက်ထားကာ မက္ကဆီကိုမြို့တော်၊ ပွာဘလိုမြို့၊ ကွေနာဗာကာမြို့နှင့် မြို့၏ အလယ်ဗဟိုရှိ အခြားသောမြို့နယ်များကိုပါ ရိုက်ခတ်ခဲ့သည့် ၇.၁ ပြင်းအားရှိသည့် ငလျင်ဒဏ်အား အရေးပေါ်တုန့်ပြန်နိုင်ရန် MSF မှ အသင့်ပြင်ဆင်လိုက်သည်။ ပဏာမစာရင်းများအရ လူ ၂၂၈ ဦးအထိ သေဆုံးခဲ့ပြီဟု သိရသည်။ ထိခိုက်ဒဏ်ရာရရှိသည့် စာရင်းအား အတိအကျ သိရှိနိုင်ခြင်းမရှိသေးသော်လည်း ခန့်မှန်းခြေအရ ထောင်နှင့်ချီရှိနေနိုင်ပြီး၊ အများစုမှာ အသေးစားထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ပထမ ၂၄ နာရီအတွင်း MSF အဖွဲ့များသည် အဆောက်အဦးများ ပြိုကျပျက်စီးခဲ့သည့် နေရာများမှ ပြည်သူများအား စိတ်ပိုင်းဆိုင်ရာ အားပေးမှုများ စတင်လုပ်ဆောင်ခဲ့သည်။ အဲ့သည့်နောက် စိတ်ပညာရှင်များ၊ စိတ်ကျန်းမာရေး လုပ်သားများ ပါဝင်သည့် အဖွဲ့လေးဖွဲ့အား မြို့တော် နေရာအနှံ့အပြားသို့ စေလွှတ်ကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ MSF အဖွဲ့များသည် မိသားစုများအား နှစ်သိမ့်ကာ အဆိုပါ ဘေးဒုက္ခများအား ကျော်လွှားသွားနိုင်စေရန် အကူအညီပေးခဲ့ကြပြီး၊ ယခုလို သောကရောက်စရာ အခြေအနေအား ရင်ဆိုင်နေရသည့် ပရိဒေဝ တောက်လောင်နေသည့် ပြည်သူများအား စိတ်ဓာတ်ခွန်အားများ ပေးအပ်ခဲ့ကြသည်။
မက္ကဆီကိုမြို့တော်တွင် အဆောက်အဦး ၃၉ ခု ပြိုကျပျက်စီးခဲ့ပြီး၊ မိုရီလိုပြည်နယ်တွင် အိမ်ပေါင်း ၂၀၀၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ရသည်။ ဂျုဂျွန်လာနှင့် ကွေနာဗာကာမြို့များမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားခဲ့သည်။ မစ်တီကာ ပိုဘလဲနာမြို့မှာ အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရပြီး၊ ပြည်သူပိုင် အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ကိုလိုနီခေတ် အဆောက်အအုံများ စသည့် မြူနီစီပယ်ပိုင် အဆောက်အအုံ ၁၀၀ ကျော်နှင့် ဘုရားရှိခိုးကျောင်းပေါင်း ၆၀ ကျော်ခန့် ပြိုကျပျက်စီးခဲ့ရသည်။ အဆိုပါမြို့နယ်များရှိ ပြည်သူအများစုမှာ သောက်သုံးရေ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီး ပြတ်တောက်သည့် ဒဏ်ကို ခံစားခဲ့ရပြီး၊ အချို့မှာ တယ်လီဖုန်းလိုင်းများ လုံးဝပြတ်တောက်သွားခဲ့သည်။
ယခုငလျင်သည် စက်တင်ဘာလ ၇ ရက်နေ့တွင် မြို့တော်၏ တောင်ဘက်ပိုင်း အိုဆာကာပြည်နယ်ကို အဓိကထား လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး ၈.၁ ရှိသည့် ငလျင်ဒဏ်၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စက်တင်ဘာ ၇ ရက်နေ့ ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရသည့် ဂျူချီတန်ဒေသတွင် MSF နယ်လှည့်ဆေးကုသ အဖွဲ့တစ်ဖွဲ့သည် ပဏာမကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်လျက် ရှိသည်။ အဆိုပါ အဖွဲ့သည် ဒေသ ၁၂ ခုအား လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် ဆန်ဖရန်စစ္စကိုအပိုင် ဇီဟွာတန်ဒေသအား အထူးဂရုတစိုက် အကူအညီများ ပေးအပ်လျက်ရှိသည်။ ထို့အပြင် ဆန်မာတီအိုဒယ်မာဒေသရှိ ပြည်သူများအားလည်း စိတ်ကျန်းမာရေး လှုပ်ရှားမှုများ လုပ်ဆောင်ပေးနိုင်ရန် စီစဉ်လျက်ရှိသည်။
ထို့အပြင် MSF သည် အခြားသော ငလျင်ဒဏ် ခံစားခဲ့ရသည့် ပြည်နယ်များ၊ အထူးသဖြင့် မိုရီလိုဒေသတွင် ဆေးဘက်ဆိုင်ရာနှင့် စိတ်ကျန်းမာရေးဆိုင်ရာ လိုအပ်မှုရှိမရှိ ဆန်းစစ်လေ့လာလျက်ရှိပြီး၊ အဖွဲ့များအနေဖြင့် မရှိမဖြစ် လိုအပ်သည့် အစားအသောက် မဟုတ်သည့် ပစ္စည်းများ ဖြန့်ဝေပေးမှုကိုလည်း တွက်ချက်လေ့လာလျက် ရှိသည်။