ကာလဝမ်းရောဂါဒဏ် အဆိုးရွားဆုံးခံနေရသည့် ယီမင်နိုင်ငံ အာဘက်စ်ဒေသမြောက်ပိုင်းတွင် အရေးပေါ် ကူညီရေး လုပ်ငန်းစဉ်များ အရှိန်တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) မှ ပြောကြားလိုက်သည်။ အဆိုပါရောဂါသည် မသန့်ရှင်းသည့် ရေအရင်းအမြစ်များကြောင့် ကူးစက်ဖြစ်ပွားရခြင်းဖြစ်သည့်အတွက် ရေနှင့်မိလ္လာစနစ် သန့်စင်ရေးအတွက် ရေအရင်းအမြစ်များရှိ ပြဿနာများကို ဖြေရှင်းပေးဖို့ လိုအပ်သည်ဟု MSF မှ ဆိုသည်။
“အာဘက်စ်ဒေသတစ်ခုလုံးမှာ မိလ္လာစနစ်ဟာ တကယ့်ကို ဆိုးရွားလွန်းပြီး၊ သန့်စင်ရေးအတွက် လုံလောက်တဲ့ သောက်သုံးရေ မရရှိတာကို ကျွန်တော်တို့အဖွဲ့တွေ တွေ့ရှိခဲ့ရပါတယ်” ဟု ယီမင်နိုင်ငံ၏ စီမံကိန်းမန်နေဂျာ ဂါဘရီယယ် ဆန်းချက်ဇ်က ပြောသည်။ “ဒါက လက်ရှိ ကာလဝမ်းရောဂါဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်း ပါပဲ။ ကာလဝမ်းရောဂါမဖြစ်ပွားခင်တုန်းကတော့ ဒီရေနဲ့မိလ္လာစနစ် သန့်စင်ဖို့ဟာ အကြောင်းအချက် အနေနဲ့ပဲ ရှိနေခဲ့ပေမဲ့ အခုအခါမှတော့ တကယ့်ကို စိုးရိမ်စရာကောင်းလာနေပြီ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ အခုလောက်ကိုပဲ ကုသပေးနိုင်တယ်ထားဦး၊ ဒီကပ်ရောဂါဆိုးလိုမျိုး နောက်ထပ်အကျပ်ရိုက်မှုမျိုးကို နောက်လာမယ့် သီတင်းပတ်ပေါင်းနဲ့ လပေါင်းများစွာကြာရင် ထပ်ရင်ဆိုင်ရဦးမှာပါပဲ။”
ဟာဂျာအစိုးရ ထိန်းချုပ်ထားသည့် အာဘက်စ်ဒေသတွင် ၎င်း၏ ပထမဆုံး ကာလဝမ်းရောဂါကေ့စ်ကို ယခုနှစ် မတ်လအကုန်ပိုင်းတွင် စာရင်းသွင်းခဲ့သည်။ အဆိုပါအချိန်မှ စတင်ပြီး ကာလဝမ်းရောဂါဖြစ်ပွားမှု အရေအတွက် တိုးများလာပြီးနောက် အာဘက်စ်ဒေသရှိ MSF ၏ ကာလဝမ်းရောဂါ ထိန်းချုပ်ကုသဌာနတွင် ယီမင်နိုင်ငံ၏ မည်သည့်နေရာတွင်မှ မဖြစ်ခဲ့ဖူးသည့် တစ်နေ့တည်းတွင်ပင် လူနာ အယောက် ၄၆၂ ယောက်ကို လက်ခံကုသခဲ့ရသည်။
ခန့်မှန်းခြေ လူဦးရေနှစ်သန်းခန့်နေထိုင်သည့် ဟာဂျာအစိုးရထိန်းချုပ်ထားသည့် ဒေသတွင် ရွှေ့ပြောင်းနေထိုင်သူ ၃၇၆,၀၀၀ ကျော်ကို လက်ခံထားရသည်။ အဆိုပါလူဦးရေသည် အခြားသော ယီမင်အစိုးရထိန်းချုပ်ထားသည့် နေရာများတွင် လက်ခံထားသည့် ရွှေ့ပြောင်းလူဦးရေထက် ပိုများနေသည်။ အာဘက်စ်ဒေသတွင် ခိုလှုံနေထိုင်နေကြသည့် ဒုက္ခသည်လေးပုံတစ်ပုံခန့်သည် ဝေးလံခေါင်သီသည့်နေရာများတွင် အခြေခံ စောင့်ရှောက်မှုမျှပင် မရရှိဘဲ နေထိုင်နေကြရသော်လည်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားသော ပဋိပက္ခများ၏ အကြမ်းဖက်မှုဒဏ်များကိုမူ လျော့ပါးသက်သာစွာ ခံစားကြရသည်။
ဟာဂျာအစိုးရ အုပ်ချုပ်သည့်နေရာများရှိ MSF မှ ဖွင့်လှစ်ထားသည့် ကာလဝမ်းရောဂါ ထိန်းချုပ်ကုဌာနများတွင် အဖွဲ့များသည် ရောဂါကူးစက်မှု မခံရစေရန် အကာအကွယ်ပေးသည့် ပစ္စည်းများဖြစ်သည့်၊ ကြမ်းတိုက်တံများ၊ တံမြက်စည်းများ၊ ဆပ်ပြာနှင့် ရေသန့်စင်စေရန် ကလိုရင်းဆေးပြားများအား ဖြန့်ဝေပေးနေသည်။
“လူနာတွေကို ကုသပေးနေသလိုပဲ သူတို့အိမ်တွေမှာ လိုအပ်နေတဲ့ ရောဂါမပြန့်ပွားစေဖို့နဲ့ ရေတွင်းရေကန်တွေကို ကလိုရင်းဆေးတွေ ခတ်ပေးတာတွေပါ လုပ်ပေးနေပါတယ်” ဟု MSF ထောက်ပို့ဆိုင်ရာညှိနှိုင်းရေးမှူး ခရစ္စတီးနား အီမတ်ဇ် က ပြောသည်။ “သန့်ရှင်းတဲ့ရေ ဖြန့်ဝေပေးနိုင်အောင် ရေငုတ်တွေစိုက်ပေးဖို့ လိုပါတယ်။ ပြီးတော့ လူတွေ စုဝေးသွားလာတဲ့နေရာတွေဖြစ်တဲ့ ဈေးတွေ၊ ဘတ်စ်ကားမှတ်တိုင်တွေကို ပုံမှန် မှုတ်ဆေးတွေ ဖြန်းပေးသင့်ပါတယ်။ သို့သော်လည်းပဲ အခုအချိန်မှာ ဒီလိုလုပ်ဆောင်မှုတွေဟာ စနစ်တကျ လုပ်ပေးနိုင်နေတာ တော့ မဟုတ်ပါဘူး။”
ကာလဝမ်းရောဂါ စတင်ဖြစ်ပွားခဲ့သည့် မတ်လနှောင်းပိုင်းကတည်းက MSF သည် အာဘက်စ်ဒေသတွင်း အရေးပေါ်လုပ်ဆောင်မှုများ အားလုံးကို နှစ်ဆမြှင့်တင်ခဲ့ပြီးဖြစ်သည်။ အာဘက်စ်ဒေသရှိ MSF အဖွဲ့များသည် ကာလဝမ်းရောဂါ သံသယရှိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသူ လူနာ ၁၂,၂၀၀ ကျော်ကို ကုသပေးခဲ့သည်။ MSF ဆေးအဖွဲ့များ ကုသမှုပေးခဲ့သည့် အဆိုပါကိန်းဂဏန်း၏ လူနာငါးပုံတစ်ပုံခန့်သည် ယီမင်အစိုးရ ချုပ်ထိန်း ထားသည့် နေရာကိုးခုမှဖြစ်ပြီး၊ လူနာစုစုပေါင်း၏ ငါးရာခိုင်နှုန်းခန့်သည် ယီမင်နိုင်ငံ နေရာအနှံ့အပြားမှ ရောက်လာကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ဆိုသည်။ ရောဂါဖြစ်ပွားမှုနှုန်း တိုးများလာပြီး နှစ်လအကြာ ဇူလိုင်လအစောပိုင်း သီတင်းပတ်တွင် ကာလဝမ်းရောဂါဖြစ်ပွားမှုနှုန်း ပထမဆုံးအကြိမ် ကျဆင်းလာခဲ့သော်လည်း ရာနှင့်ချီသည့် ရောဂါကူးစက်ခံရသည့် လူနာများသည် ကုသဌာနများသို့ ရောက်လာနေဆဲ ဖြစ်သည်။
ကာလဝမ်းရောဂါမဖြစ်ပွားမီက MSF အဖွဲ့များသည် အာဘက်စ်ဒေသ ကျေးလက်ဒေသန္တရဆေးရုံတွင် ပိုမိုတိုးများလာသည့် အရေးပေါ်လူနာများ၊ ကလေးလူနာများနှင့် ခွဲစိတ်ကုသလူနာများအား ကြည့်ရှူကုသပေးခဲ့ သည်။ ထို့အပြင် ဝက်သက်ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါများမှာ ကပ်ရောဂါအသွင် ဖြစ်ပေါ်နေသည့်အပြင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းလည်း များပြားနေသည်။ အဆိုပါရောဂါများ အားလုံးသည် ကုသ ထိန်းချုပ်နိုင်နေရ မည့် ရောဂါများဖြစ်သည်။ အဆိုပါ ဖြစ်စဉ်များအားလုံးသည် ယီမင်နိုင်ငံ၏ ကျန်းမာရေးစနစ်တစ်ခုလုံးသည် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများနှင့် ဝန်ထမ်းများ မလုံလောက် မမျှတဖြစ်နေပြီး၊ အားလုံးပြိုလဲ ပျက်စီးနေသည် ဆိုသည်ကို ရှင်းလင်းစွာ ပြဆိုနေခြင်းလည်း ဖြစ်သည်။
MSF သည် အာဘက်စ်ကျေးလက်ဒေသန္တရဆေးရုံအား ၂၀၁၅ ခုနှစ် ဇူလိုင်လကတည်းက စတင်ထောက်ပံ့ ကူညီမှုများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် အဆိုပါဆေးရုံမှ လေကြောင်းမှတိုက်ခိုက်ခြင်း ခံခဲ့ရပြီး၊ MSF ဝန်ထမ်းတစ်ဦး အပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ပြီးနောက် အချိန်တိုအတွင်းတွင် ပင် MSF သည် ယီမင်နိုင်ငံမြောက်ပိုင်းတွင် အနည်းငယ်မျှသောရှိသော ဆေးရုံဆေးခန်းများမှ ယင်းတို့၏ အဖွဲ့များအား ပြန်လည်ခေါ်ယူခဲ့သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် MSF သည် အာဘက်စ်ဆေးရုံတွင် ယင်းတို့၏ လုပ်ငန်းများအား ပြန်လည်လုပ်ဆောင်ခဲ့သည်။ လက်ရှိအချိန်တွင် MSF အဖွဲ့သည် ယီမင်နိုင်ငံသားဝန်ထမ်း ၂၀၀ ဦးနှင့် နိုင်ငံခြားသား ၁၂ ဦးတို့ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသည်။ MSF သည် ဆေးရုံ၏ အရေးပေါ်ကုသရေး အခန်း၊ ကလေးဌာန၊ သားဖွားမီးယပ်ဌာနနှင့် အာဟာရတိုက်ကျွေးမှုဌာနတို့အား ကွပ်ကဲနေပြီး နယ်လှည့်ဆေးခန်း များဖြင့် ဆေးကုသခြင်းနှင့် စိတ်ရောဂါဆိုင်ရာ နှစ်သိမ့်ဆွေးနွေးလုပ်ငန်းစဉ်များအား လုပ်ဆောင်ပေးနေသည်။