မာလီနိုင်ငံ ခစ်ဒဲလ်ဒေသရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ပိုင် ဝင်းအတွင်း တတိယအကြိမ်မြောက် လုယက်ခံခဲ့ရသည်။ ဇွန်လ ၂၆ ရက်နေ့ ညအချိန်တွင် တစ်ကြိမ်၊ ဇွန်လ ၂၄ ရက် စနေနေ့တွင် တစ်ကြိမ် MSF ဂိုဒေါင် ဖောက်ထွင်းခံခဲ့ရမှုတို့ ဖြစ်ပွားခဲ့ပြီးနောက်တွင် အဖွဲ့မှ အဆိုပါဒေသရှိ ၎င်းတို့၏လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းလိုက်ပါသည်။ ခစ်ဒဲလ်ဒေသတွင် MSF သည် အဆိုပါမြို့အတွင်းနှင့် အနီးတစ်ဝိုက်တွင် နေထိုင်ကြသူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခဲ့ပြီး၊ အခြားသော ဆေးရုံဆေးခန်းများအားလည်း ဆေးဝန်ထမ်းများနှင့် ဆေးဝါးများ ကူညီထောက်ပံ့ပေးခဲ့သည်။ ထို့အပြင် နယ်လှည့်ဆေးခန်းများနှင့် ဝေးလံသည့်ဒေသများတွင် ဆေးကုသမှုများ ပေးအပ်ခဲ့ပြီး၊ အရေးပေါ်လူနာ လွှဲပြောင်းပေးအပ်သည့် လုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။
“တစ်လကျော်လေးအတွင်းမှာကို သုံးကြိမ်မြောက် လုယက်ခံလိုက်ရတယ်၊ အခုလို ကျွန်တော်တို့ရဲ့ ခစ်ဒဲလ်မှာရှိတဲ့ ဂိုဒေါင်ကို လုယက်ဖောက်ထွင်းခံရတဲ့အတွက်ကလည်း စဉ်းစားစရာတွေ ဖြစ်လာတာပေါ့။ အဲ့ဒီအတွက် ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေ လုံခြုံစိတ်ချရတဲ့ အခြေအနေအထိ တိုးတက်မလာသေးသရွေ့ လုပ်ငန်းအကုန်လုံးကို ရပ်ဆိုင်းထားမှာပါ။ ဒါဟာ ခစ်ဒဲလ်ဒေသလို လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတဲ့ ဒေသအတွက်တော့ ခက်ခဲလှတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ပါပဲ။ နောက်ပြီးတော့ MSF ဆိုတာကလည်း အကူအညီပေးနေတဲ့ အဖွဲ့နည်းနည်းကလေးထဲက တစ်ဖွဲ့ဖြစ်နေလို့ပါပဲ” ဟု ဆာဟယ်ခရိုင်တစ်ခုလုံးအတွက် MSF ၏ စီမံချက်မန်နေဂျာ မာရီကာမန်ဗနိုလီ က ရှင်းပြသည်။
“ကျွန်တော်တို့ ခစ်ဒဲလ်ဒေသက ပြည်သူတွေအတွက် အမြဲတမ်းရှိနေမှာပါ၊ ဒါပေမဲ့ ဒေသတာဝန်ရှိတဲ့သူတွေကိုတော့ ကျွန်တော်တို့လို လူသားချင်းစာနာမှုနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့တွေအတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်ကို ဖန်တီးပေးဖို့ တောင်းဆိုထားပါတယ်၊ အဲ့ဒါမှသာလျင် ကျွန်တော်တို့ရဲ့ အလုပ်တွေ ပြန်စလုပ်နိုင်မှာပါ” ဟု သူက ဆက်ပြောသည်။
ခစ်ဒဲလ်ဒေသအတွက်တော့ မလုံခြုံမှုသည် အမြဲတစေ ရင်ဆိုင်နေရသည့် ပြဿနာတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် လအနည်းငယ် အတွင်းမှာကိုပင် အခြားသောအဖွဲ့များသည်လည်း အလားတူ လုယက်မှုများ ကျူးလွန်ခံခဲ့ကြရသည်။ ထို့အပြင် မည်သည့် ရာဇဝတ်မှုမှလည်း အရေးယူခံရသည်ဟု မကြားရစဖူးပါ။ ယခုလို ရာဇဝတ်မှုမျိုးများကြောင့် အကူအညီလိုအပ်နေသူများအပေါ် အကူအညီများ ပေးအပ်နိုင်မှု လျော့ပါးလာနိုင်ပါသည်။
MSF သည် ခစ်ဒဲလ်ဒေသတွင် ၂၀၁၅ ခုနှစ်ကတည်းက လုပ်ငန်းများ လုပ်ဆော်ငနေပြီး၊ အထူးသဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုများအား အမျိုးမျိုးသော ကျန်းမာရေးဆိုင်ရာ နယ်ပယ်များတွင် လုပ်ဆောင်ပေးနေပြီး ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အဖွဲ့သည် ကျန်းမာရေးဆိုင်ရာဆွေးနွေးမှုပေါင်း ၁၉,၀၅၂ ခန့်နှင့် ကိုယ်ဝန်ဆောင်မိခင်ပေါင်း ၃,၃၇၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခဲ့ပြီး၊ ကလေးမွေးဖွားမှုပေါင်း ၁၄၉ ဦးနှင့် အသက် ၆ လ မှ ၁၅ နှစ်အကြား ကလေးငယ် ၁၃,၈၈၂ ဦးအား ဝက်သက်ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ၂၀၁၆ ခုနှစ်တွင်ပဲ အသက် ၃ လ မှ ၅၉ လ (၅ နှစ်ခန့်) အထိ ကလေးငယ် ၁၆,၆၃၃ ဦးကို ငှက်ဖျားရောဂါ ကာကွယ်ပေးသည့် ကုသမှု လုပ်ဆောင်ပေးခဲ့သည်။
မာလီနိုင်ငံရှိ MSF ၏ ကနဦးလုပ်ငန်းများအား ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့သည်။ ယခုအခါတွင် MSF အဖွဲ့များသည် အန်ဆန်ဂိုခရိုင်ဒေသများ (ဂါအိုခရိုင်)၊ ခို့တီးယားလာ (ဆစ်ခါဆိုခရိုင်)၊ တန်နန်ကုနှင့် ဒူအွန်ဇာ (မော့ပ်တီ ခရိုင်) များတွင် ကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး၊ အထူးသဖြင့် မိခင်နှင့် ကလေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေသည်။ MSF သည် ၂၀၁၂ ခုနှစ်တည်းက စတင်ခဲ့သည့် တင်ဘုတို တိုက်နယ်ဆေးရုံရှိ ၎င်း၏ လုပ်ငန်းစဉ်များအား ယခုအခါ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါသည်။