Quantcast
Channel: MSF Myanmar
Viewing all articles
Browse latest Browse all 66
↧

Portraits of MSF Staff and Patients

$
0
0
 
 
လားရှိုး၊ ရှမ်းပြည်နယ်
 
ငယ်ငယ်* (၁၃ နှစ်) နှင့် သူ့ဖခင် ဦးမောင်ဦး* (၅၈ နှစ်) တို့ကို ၂ဝဝ၇ ခုနှစ်တွင် အိတ်ခ်ျအိုင်ဗွီပိုး ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သားအဖနှစ်ဦးစလုံး အေအာရ်တီကုသမှု ခံယူနေသော်လည်း၊ ဖခင်၏ အလုပ်အကိုင်ကြောင့် ဆေးခန်းသို့ ဆေးလာရောက်ယူနိုင်မှုတွင် အခက်အခဲကြုံနေသည်။ “ကျွန်တော်က ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်ဝင်လုပ်နေတော့ ဆေးခန်းကိုသွားဖို့အဆင်မပြေခဲ့ဘူး” ဟု ဦးမောင်ဦးက ပြောပြသည်။
ဆေးခန်းနှင့် ရှစ်လကြာအောင် အဆက်ပြတ်သွားခဲ့ပြီးနောက် ဦးမောင်ဦးတွင် တီဘီရောဂါရှိနေကြောင်း တွေ့ရပြီး၊ သမီးဖြစ်သူတွင် မျက်စိရောဂါ (CMV Retinitis) ဖြစ်နေကြောင်း တွေ့ရှိရသည်။ သမီးဖြစ်သူတွင် တီဘီရောဂါကူးစက်ခြင်း မခံထားရသော်လည်း ဆေးခန်း၏ တီဘီကုသရေးခန်းအတွင်း ရှိနေသည့်အချိန်တွင် နှာခေါင်းစည်းကို သူမ ဝတ်ဆင်ထားရသည်။ “ဒါကြီးနဲ့ အသက်ရှူမဝဘူး။ မကြိုက်ပါဘူး” ဟု သူမက ပြောသည်။
(* အမည်များ ပြောင်းလဲထားသည်။)
 
 
 
ထားဝယ်၊ တနင်္သာရီတိုင်းဒေသကြီး
 
“ကျွန်မမှာ အိတ်ခ်ျအိုင်ဗီပိုးရှိနေတာ သိရပြီးနောက်ပိုင်း ၂ဝ၁၂ ခုနှစ်ကစပြီး MSF နဲ့အတူ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကတော့ ကျွန်မက အမေရယ်၊ ကျွန်မရဲ့မောင်တွေရယ်နဲ့ အတူနေကြတယ်။ သူတို့က ကျွန်မရဲ့လိင်ပြောင်းဘဝကို မကြိုက်ကြဘူး။ ကျွန်မကို အမြဲတမ်း ပြောဆိုတယ် “နင် ဘာဖြစ်လို့ မိန်းမအဝတ်အစားတွေ ဝတ်နေတာလဲ” ဆိုပြီးတော့ ကျွန်မရဲ့ အမျိုးသမီးအသုံးအဆောင်တွေကို သူတို့ ဖျက်ဆီးပစ်ကြတယ်။ ကျွန်မကို ယောက်ျားလေးလို နေဖို့ ပြောင်းလဲဖို့ သူတို့ ကြိုးစားကြတယ်။ ဒါပေမယ့် ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် မိန်းကလေးတစ်ယောက်လို့ပဲ အမြဲခံစားမိတယ်။ စိတ်ဖိစီးမှုတွေ အများကြီး ကျွန်မမှာဖြစ်တယ်၊ အိမ်မှာ မနေချင်တော့ဘူး။ အဲ့ဒီအချိန်တုန်းက ကိုယ့်ကိုယ်ကိုယ် အလုံပိတ်ထားပြီး မှောင်နေတဲ့ အခန်းကြီးထဲမှာထိုင်နေရသလိုပဲ ခံစားရတယ်။
ကျွန်မရဲ့မိသားစုထဲမှာရော၊ ပတ်ဝန်းကျင်မှာပါ လိင်ပြောင်းသူတစ်ယောက်အပေါ် ထားတဲ့အယူအဆကိုေ ပြာင်းလဲဖို့ ကျွန်မြ ပင်းပြင်းထန်ထန် ကြိုးစားခဲ့ရတယ်၊ေ နာက်ပိုင်းမှာတော့ သူတို့ဆီက နားလည်မှု ပိုရလာခဲ့တယ်။ကျွန်မက တက္ကသိုလ်မှာ ဥပဒေပညာသင်ခဲ့ပေမယ့် ကျောင်းတော့ မပြီးခဲ့ဘူး။ ကျွန်မရဲ့အိပ်မက်က တရားသူကြီးဖြစ်ချင်တာ၊ မတရားမှုတွေကို ကြားနာပြီး အဆုံးအဖြတ် ပေးနိုင်တဲ့သူတစ်ယောက် ဖြစ်ချင်တာပါ။ အခုတော့ လူနာမှတ်တမ်းရေးသွင်းသူတစ်ယောက်အဖြစ် MSF မှာ အလုပ်လုပ်နေပါတယ်။ အားတဲ့အချိန်တွေမှာတော့ မိတ်ကပ်ပညာရှင်တစ်ယောက် အနေနဲ့လည်းလုပ်ပါတယ်။ ကျွန်မရဲ့မောင်တွေက အခုတော့ ကျွန်မကို လက်ခံနေကြပါပြီ။ တစ်ခါတလေ အလှအပနဲ့ပတ်သက်ပြီး ကျွန်မကို သူတို့ အကြံဥာဏ်ပေးကြတယ်”
ရဲမျိုးဦး
 
 
မူဆယ်၊ ရှမ်းပြည်နယ်
MSF မူဆယ်ဆေးခန်းတွင် အလုပ်လုပ်သည့် ဒေါက်တာဆန်ဂျေးက မူဆယ်၏ ပထဝီအနေအထားအရ ကျယ်ပြန့်ပုံကို ရှင်းပြနေသည်။ မူဆယ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နိုင်ငံနယ်စပ်တွင် တည်ရှိပြီး ယင်းဧရိယာနှင့် အနီးပတ်ဝန်းကျင်ရှိ ရှမ်းတောင်တန်းများမှ လူနာများသာမက ကချင်ပြည်နယ်ရှိ အစိုးရမဟုတ်သူများ ထိန်းချုပ်ထားသောဧရိယာမှ လူနာများကိုပါ လက်ခံသည်။
MSF သည် ကချင်ပြည်နယ်တွင်လည်း ဆေးခန်းများ ဖွင့်လှစ်ထားသော်လည်း ယင်းဒေသတွင်း ပဋိပက္ခများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး၊ တောင်တန်းများမှာလည်း သဘာဝအတားအဆီးအဖြစ် ရှိနေသည်။ သည့်အတွက် ဆေးကုသမှုများရရှိရန်အတွက် အမြန်ဆုံး၊ အလွယ်ဆုံးနှင့် အလုံခြုံဆုံးလမ်းမှာ တရုတ်နိုင်ငံမှတစ်ဆင့် ရှမ်းပြည်နယ်သို့ ဖြတ်သန်းဝင်ရောက်ခြင်းပင် ဖြစ်သည်။
ဒေါက်တာ ဆန်ဂျေး
 
 
 
မူဆယ်၊ ရှမ်းပြည်နယ်
 
မလုဆမ်သည် နမ့်ခမ်းအနီးက ကျေးရွာတစ်ရွာတွင် နေထိုင်ခဲ့သည့် အသက် ၃၃နှစ် အရွယ် ကချင် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ၂ဝ၁၄ ခုနှစ် ဧပြီလတွင် စစ်ပွဲမှတိမ်းရှောင်ရန်အတွက် သူ့ခင်ပွန်း၊ သူ့ ကလေး လေးဦးနှင့်အတူ ထွက်ပြေးလာခဲ့ရသည်။ သူတို့သည် အိုင်ဒီပီစခန်းတွင် နေထိုင်သည်။ သူ့တွင် တီဘီရောဂါရှိနေကြောင်း တွေ့ရှိခဲ့ရပြီးနောက် ဆေးကုသမှုခံယူနေသော်လည်း အခြေအနေ ဆိုးရွားလာခဲ့သည်။ ထို့ကြောင့် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးခဲ့ရပြီး ဒီတစ်ကြိမ်တွင် သူမ၌ ဆေးယဉ်ပါးတီဘီရောဂါ (MDR-TB) ရှိနေကြောင်း စမ်းသပ်တွေ့ရှိခဲ့ရသည်။ “ ဒါကျွန်မဘဝရဲ့ အမှောင်ဆုံးအချိန်ပဲ” လို့ သူမက ပြောသည်။ “ယောက်ျားက ကျွန်မကို ကူလည်း မကူ၊ ဂရုလည်း မစိုက်ခဲ့ဘူး။ ကျွန်မ လုံးဝကို အထီးကျန်ဖြစ်ခဲ့တယ်။ ကျွန်မမှာ ဆေးယဉ်ပါးတီဘီရောဂါ ရှိနေပြီဆိုတာ သိလိုက်ရတော့ သူနဲ့ ကွာရှင်းဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။”
စခန်းအတွင်း နယ်လှည့်ဆေးခန်းဖွင့်လှစ်ထားသည့် MSF အဖွဲ့က သူ့ကို တွေ့ရှိခဲ့ပြီး ဖြေရှင်းနည်းတစ်ခု ကမ်းလှမ်းခဲ့သည်။ “သူတို့က လ ၂ဝ ကြာမယ့်ဆေးကုဖို့ မူဆယ်မှာ လာနေပါလားလို့ကျွန်မကို မေးတယ်” မလုဆမ်က ပြောသည်။ “ကျွန်မ ဆေးကုတာပြီးဖို့ အချိန် ငါးလပဲကျန်တော့တယ်။ ကျွန်မမှာ သားနှစ်ယောက်၊ သမီးနှစ်ယောက်ရှိပေမဲ့ နှစ်ယောက်ကပဲ ကျွန်မဆီကို လာလည်ကြတယ်။ ဒီက ဆေးကုပြီးရင် ဘာလုပ်ရမလဲ ကျွန်မ မသိဘူး။ တရုတ်ဘက်သွားပြီး အလုပ်သွားလုပ်မလား စဉ်းစားနေပေမယ့် ကျွန်မ တရုတ်စကား မတတ်ဘူး။ ဒါ့ထက် ပိုအရေးကြီးတာက ကျွန်မ အဲဒီကိုသွားရင် ကျွန်မ ကလေးတွေကို တွေ့ချင်မှ တွေ့ရတော့မှာ။ ကျွန်မရဲ့ရွာကိုလည်း မပြန်ချင်တော့ဘူး။ ကွာရှင်းထားတဲ့ ယောက်ျားကို ကျွန်မ မတွေ့ချင်တော့လို့။ သိပ်မကြာခင် တစ်ခုခုကို ကျွန်မ ဆုံးဖြတ်ရတော့မှာ သိပါတယ်။ ဒါပေမယ့် အခုထိ အဖြေမရသေးဘူး၊ စိတ်တွေ ရှုပ်ထွေးနေတုန်းပဲ”
မလုဆမ်၊ ၃၃ နှစ်
 
 
လဟယ်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး
 
ရောင်ဘသည် လဟယ်မှ ဖြစ်သည်။ သူ့တွင် thrombosis (သွေးမလျှောက်သည့်ရောဂါတစ်မျိုး) ရှိနေပြီး ခန္ဓာကိုယ်တစ်သျှူးများ ပုပ်သည့်အဆင့်အထိ ရောက်ရှိနေသည်။ သူသည် ရောင်ကိုင်းနေသော သူ့ခြေမကို ခွဲစိတ်ဖြတ်တောက်ရန် ၂ဝ၁၆ ခုနှစ်က မန္တလေးသို့ သွားရောက်ခဲ့သည်။ တစ်နှစ်ကြာပြီးနောက် မန္တလေး သို့မဟုတ် ခန္တီးသို့ နောက်တစ်ခေါက် သွားရန် စရိတ်မတတ်နိုင်တော့သဖြင့် သူ့ရှေ့ခြေထောက်တစ်ခုလုံး ပုပ်နေပြီဖြစ်သည်။
လဟယ်မြို့သို့ MSF ဝန်ထမ်းများေ ရာက်ရှိချိန်တွင် ယောင်ဘသည် အခြေအနေအလွန်ဆိုးနေပြီးေ စာင်ခေါင်းမြီးခြုံဖြင့် အနာရှိန်ကြောင့် ကယောင်ကတမ်းအော်ဟစ်နေသည်။ MSF အဖွဲ့သည် လူငယ်လေးကို ခန္တီးတွင် ခွဲစိတ်မှုခံယူရန် ကူညီပံ့ပိုးပေးခဲ့သည်။ ပုပ်နေသည့် သူ့ခြေထောက်၏အနံ့မှာ အလွန်ဆိုးရွားလှသဖြင့် ပစ်ကပ်ကားတစ်စီးကသာ သူ့ကို နောက်ခန်းတွင် တင်ဆောင်သွားခဲ့သည်။ သူသည် လဟယ်မှထွက်သည့်နေ့တွင်ပင် ခွဲစိတ်မှု ခံယူခဲ့သည်။
“သူ့ကို ကျွန်မ လဟယ်မှာတွေ့ပြီး ငါးရက်ကြာတဲ့အခါ ခန္တီးမှာ ထပ်တွေ့တယ်။ သူက ကျွန်မ တွေ့ဖူးသမျှထဲမှာ ခြေထောက် အဖြတ်တောက်ခံရပြီးနောက် အပျော်ဆုံးသူဖြစ်နေတယ်” ဟု MSFဆရာဝန် မိုနာတာမန်နိုင်က ပြောသည်။ “သုံးလအကြာမှာ သူ လဟယ်ကို ပြန်လာပြီး တစ်နေ့တော့ ကျွန်မတို့ရုံးကို လာလည်တယ်။ ကျွန်မ သူ့ကို မှတ်တောင်မမှတ်မိဘူး”
 
 
လဟယ်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး
 
အဘိုးအိုသည် ဖေဖော်ဝါရီလက မြေပြိုမှုထဲ ပိမိခဲ့ပြီးနောက် အရိုးကျိုးသွားသဖြင့် သူ့ရွာငယ်မှတဆင့် လဟယ်သို့ လွှဲအပ်ခဲ့ရသည်။ ကံဆိုးစွာပင် ဒဏ်ရာမှာပြင်းထန်ပြီး ခွဲစိတ်ရန် လိုအပ်သည်။ လဟယ်တွင် ခွဲစိတ်ဆရာဝန် မရှိသည့်အပြင် ခွဲခန်းတွင် ပစ္စည်းကိရိယာမရှိသဖြင့် သူ့ကို လိုအပ်သည့်ကုသမှုများ ပြုလုပ်ရန် ခန္တီးသို့ ထပ်မံလွှဲအပ်ခဲ့သည်။
လူဦးရေ ၂၇၀၀ နေထိုင်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် လဟယ်သည် သူနေထိုင်ရာပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဓလေ့ခြင်း တူညီသဖြင့် အဘိုးအိုအနေဖြင့် သူ့တိုင်းရင်းသားစကားကို ပြောဆိုနိုင်သူတစ်ဦးကို ရှာဖွေတွေ့ရှိနိုင်သည့် အခွင့်အလမ်း များပြားသည်။ လူဦးရေ ၃၄၀၀၀ ရှိသည့် ခန္တီးသည် လဟယ်မှ ကားဖြင့် လေးနာရီကြာ အကွာအဝေးတွင် ရှိသော်လည်း နာဂဒေသထဲတွင် မရှိသဖြင့် နာဂလူမျိုးများက သီးခြားလောကအဖြစ် မှတ်ယူကြသည်။ ယဉ်ကျေးမှု အတားအဆီးကြောင့် သူသည် ခန္တီးသို့ လွှဲပြောင်းကုသရန် ငြင်းဆန်ခဲ့ပြီးနောက် လဟယ်ဆေးရုံတွင် သုံးလကြာ တက်ရောက်ကုသခံခဲ့သည်။ အခုအခါတွင်တော့ လူတစ်ဦးတစ်ယောက်၏ အကူအညီဖြင့်သာ လမ်းလျှောက်နိုင်ကာ၊ တောထဲသို့ ပြန်လည်ဝင်ရောက်သွားပြီ ဖြစ်
သည်။
 
 
အင်းစိန်ဆေးခန်း၊ ရန်ကုန်
 
“ကျွန်တော် ထောင်က လွတ်လာပြီးပြီးချင်း ၂ဝဝဝ ခုနှစ်မှာ အိတ်ခ်ျအိုင်ဗီပိုးရှိနေတာ သိလိုက်ရတယ်” ဟု ဦးသိန်းအောင် (၅၆ နှစ်) က ပြောသည်။ ဦးသိန်းအောင်သည် ၁၉၈၉ ခုနှစ်တွင် အဖမ်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီး ထောင်ထဲတွင် ဆယ်နှစ်ကျော် နေထိုင်ခဲ့သည်။ “ကျွန်တော်က ငယ်ငယ်ထဲက ရင်ကြပ်ရောဂါရှိတယ်။ ဒီတော့ ကျွန်တော် ထောင်ကျနေတုန်း ဆေးလေးငါးကြိမ် ထိုးခဲ့ရတယ်။ ထောင်ထဲမှာ တစ်ခါသုံးဆေးထိုးအပ်တွေ သုံးမယ်လို့တော့ မမျှော်လင့်နဲ့။ ကျွန်တော့်ရဲ့ ထောင်မိတ်ဆွေ သုံးယောက် ထောင်ကလွန်လာအပြီးမှာ အိတ်ခ်ျအိုင်ဗီနဲ့ပဲ ဆုံးသွားကြတယ်။ အဲဒီအချိန်တုန်းက အေအာရ်တီဆေးဆိုတာ မရှိသေးဘူး။ နေရာတိုင်းမှာ တွေ့ရတဲ့ လမ်းဘေးထောင်ပိုစတာတွေမှာဆိုရင် “HIV/AIDS ကုရာနတ္ထိဆေးမရှိ” တဲ့၊ ကဲဘယ်လိုလုပ်မလဲ။
ယနေ့တော့ ဦးသိန်းအောင် ဆေးကုသမှု ခံယူနေပါပြီ။ “ကျွန်တော့်အလုပ်သဘာဝက နောက်ကျတဲ့အထိ လုပ်ရတယ်၊ ခရီးတွေ အများကြီးထွက်ရတယ်။ ဒါပေမယ့် အေအာရ်တီဆေးက အချိန်အတိအကျ မဖြစ်မနေ သောက်ကိုသောက်ရတယ်။ ဒါကြောင့် ကျွန်တော် အရမ်းကိုဂရုစိုက်ရတယ်”
“ ၂ဝ၁၆ မှာ ဆေးစစ်တော့ ကျွန်တော့်မှာ အသည်းရောင်ရောဂါစီပိုးပါ ရှိနေတာသိရတယ်။ MSF က ၂၁ဝ၇ မှာ အသည်းစီပိုးကို စပြီးကုသပေးတာဆိုတော့ ကျွန်တော် ဒီနှစ် မတ်လထဲမှာပဲ အသည်းစစ်ဆေးမှု (Fibroscan) လုပ်ခဲ့ရတယ်။ ဆရာဝန်က ကျွန်တော် သုံးလကြာအောင် ဆေးသောက်ရမယ်လို့ ပြောပါတယ်။ ဒီနေ့ဆို ၄၃ ရက်မြောက် ရှိပါပြီ။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ပြောတာက အသည်းစီပိုးရောဂါကြောင့် သူ ငွေတော်တော် ကုန်သွားတယ်တဲ့၊ မူးဝေတာ၊ အားနည်းတာ၊ သွေးအားနည်းတာ စတဲ့ အရမ်းဆိုးတဲ့ ဘေးထွက်ဆိုးကျိုးတွေ သူ ခံရတယ်တဲ့။ဒါပေမယ့် သူနဲ့ ကျွန်တော် ခံစားရပုံချင်း လုံးဝမတူဘူး။ ကျွန်တော်က အစားလည်း မပျက်ဘူး၊ အသားအရေတွေ ပိုတောင်ကောင်းလာတယ်။ ပိုတောင် သန်မာလာတယ်လို့ ခံစားရတယ်။ အရေးကြီးတာက၊ MSF ကို ကျေးဇူးတင်ရမှာ။ သူ့ကြောင့် ကျွန်တော် တစ်ပြားမှ မကုန်တာ။ နို့မို့ဆို ဘယ်လိုနည်းနဲ့မှ တတ်နိုင်မှာမဟုတ်ဘူးလေ”
ဦးသိန်းအောင်၊ ၅၆နှစ်
 
 
သာကေတဆေးခန်း၊ ရန်ကုန်
 
“ကျွန်မယောက်ျားနဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဧရာဝတီတိုင်းက ကျွန်မရဲ့ဇာတိမြို့မှာ တွေ့ကြတာပါ။ ကျွန်မတို့ လက်မှတ်ထိုးယူပြီး တစ်နှစ်လောက်ကြာတော့မှ သူ့မှာ မိန်းမရှိနေတာ သိရတယ်။ သူရယ်၊ သူ့မိန်းမရယ်၊ သူတို့ရဲ့ကလေးတွေရယ်နဲ့ ကျွန်မ အတူတူနေဖို့ ပြောင်းလာခဲ့ရတယ်။ နောက်ပိုင်းတော့ ရပ်ကွက်ထဲက သူပိုင်တဲ့ တခြားအိမ်တွေမှာ တခြားယောက်ျားတွေနဲ့ ကျွန်မကို အတင်း အတူနေခိုင်းခဲ့တယ်။ နောက်တော့ မိန်းကလေးငယ်ငယ်လေးတချို့ ရောက်လာကြပြီး ကျွန်မတို့အိမ်မှာ လာနေကြတယ်။ အဲတော့မှ သူက ပြည့်တန်ဆာခေါင်းတစ်ယောက်ဖြစ်မှန်း ကျွန်မ ရိပ်မိတော့တယ်။ ကျွန်မလည်း ကြေးစားတစ်ယောက် ဖြစ်လာတယ်။ ကျွန်မ လိင်မဆက်ဆံချင်ဘူးလို့ ငြင်းတဲ့အခါတိုင်း အရိုက်ခံရတယ်၊ ထမင်းလည်း မကျွေးဘူး။ ဧည့်သည်တွေနဲ့အတူနေတိုင်း ကျွန်မ အမြဲတမ်း အကာအကွယ်သုံးပါတယ်။ ယောက်ျားနဲ့တောင် သုံးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်မမှာ အိတ်ခ်ျအိုင်ဗီပိုးရှိနေတာ သိလိုက်ရတယ်”
“အဲဒီကစပြီး ကျွန်မ ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ထွက်ပြေးတဲ့အခါတိုင်း သူက ရဲတွေနဲ့ တခြားအဆက်အသွယ်တွေက တစ်ဆင့် ကျွန်မကို ပြန်တွေ့ရင်တွေ့၊ ဒီလိုမှမဟုတ်လည်းကျွန်မ သူ့ဆီ ပြန်သွားရတာချည်းပဲ။ သူက ကျွန်မ မိသားစုကို ခြိမ်းခြောက်ထားတာကို။ နောက်တော့ ကျွန်မ ညီမနဲ့ မောင်ကို ရန်ကုန်ကိုပို့ဖို့ ကြိုးစားတယ်၊ ပြီးတော့ ကျွန်မ မိဘတွေကို တခြားတစ်နေရာကို ပို့ဖို့ ကျွန်မ ကြိုးစားခဲ့တယ်။ ကျွန်မ ယောက်ျားဆီက ထွက်ပြေးခဲ့တာ လေးကြိမ်၊ ငါးကြိမ်လောက်ရှိနေပြီ။ ဒီတစ်ကြိမ် နောက်ဆုံးဖြစ်ပါစေ မျှော်လင့်ရတာပဲ”
သင်းသင်း၊ ၃၁ နှစ် (*အမည်ပြောင်းလဲထားသည်)
 
 
မူဆယ်၊ ရှမ်းပြည်နယ်
 
“ကျွန်မကို ဂျူလိုင်လို့ ခေါ်နိုင်ပါတယ်။ ကျွန်မအတွက် ဒီနာမည်က အဆင်ပြေပါတယ်။ ဒါ ကျွန်မ အရင်က လုပ်ခဲ့တဲ့ ကြေးစားမယ်ဘဝက သုံးနေကျ နာမည်ပါ။” “ကျွန်မက ရန်ကုန်ကပါ။ အလှပြင်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ သူငယ်ချင်းတစ်ယောက်က မန္တလေးက အလှပြင်ဆိုင်မှာ လာလုပ်ချင်သလားလို့ ကျွန်မကို မေးပါတယ်။ လခလည်း ကောင်းတယ်တဲ့။ မိဘတွေကငွေကြေးအခက်အခဲ ရှိနေတယ်။ နှစ်ယောက်လုံး မကျန်းမာကြတော့ ကျွန်မ ငွေလိုတယ်လေ။ ဒါနဲ့ အဲဒီကိုရောက်သွားတယ်။ ဒါပေမယ့် မကြာခင်ပဲ ကျွန်မ ထင်သလိုမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ သူတို့က ကြေးစားလုပ်ပါလားလို့ ကျွန်မကို ပြောကြတယ်။ အရင်အလုပ်မှာရတဲ့ တစ်လစာကို တစ်ညတည်းနဲ့ ရမယ်ဆိုတော့ ကျွန်မလည်း မငြင်းနိုင်တော့ဘူး။ အဖေနဲ့အမေရဲ့ ဆေးရုံစရိတ်တွေလည်း ပေးရဦးမှာလေ။ ဒါနဲ့ လုပ်ရင်း၊ လုပ်ရင်းနဲ့ နောက်ဆုံး ဒီ (မူဆယ်) ကို ရောက်လာတာ။ ဒီမြို့က နယ်စပ်မြို့ဖြစ်တော့ လုပ်ငန်းကိုင်ငန်း ပိုကောင်းတယ်လေ။”
“နောက်ပိုင်းမှာ ကျွန်မမှာ အိတ်ခ်ျအိုင်ဗီပိုးရှိနေတာ သိလိုက်ရတယ်။ ဒီဆေးခန်းကို ကျွန်မ ပုံမှန်လာရတယ်။ အရင်အလုပ်ကို စွန့်လွှတ်လိုက်ပြီး ထမင်းဆိုင်လေးတစ်ဆိုင် စဖွင့်တယ်။ နောက်တော့ ကျွန်မမှာ ချစ်သူရှိလာတယ်။ သူက ကျွန်မအကြောင်းတွေ အကုန်သိတယ်၊ နားလည်ပေးတယ်။ သူ့ကို ပိုးမကူးအောင် တားနိုင်တဲ့နည်းလမ်းတွေ ရှိပေမယ့်လို့ ကျွန်မ သူနဲ့လမ်းခွဲလိုက်တယ်။ သူ့ဘဝကို မနစ်မွန်းစေချင်ဘူး။ ကျွန်မ ကလေးတော့ လိုချင်ပေမယ့် ကလေးတွေကိုလည်း ဒုက္ခမပေးချင်ဘူး။ ဒါနဲ့ တစ်ယောက်တည်းပဲ နေမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အနည်းဆုံးတော့ ကျွန်မမိဘတွေကို ထောက်ပံ့နိုင်တုန်းပါပဲ။ ကျွန်မရဲ့ အနာဂတ်က လောလောဆယ် သူတို့အတွက်ချည်းပါပဲ။ အရှိတရားအတိုင်းပဲ ကျွန်မ နေထိုင်ဖို့ ကြိုးစားနေပါတယ်။ ကိုယ့်ဘဝကို ညည်းညူနေလို့ ဘာထူးမှာလဲ။ ဒါ ကျွန်မရဲ့ ကံတရားပဲလေ”
ဂျူလိုင်၊ ၃၃ နှစ်
 
 
မူဆယ်၊ ရှမ်းပြည်နယ်
 
ပြည့်ပြည့်က အသက် ရှစ်နှစ်ရှိပြီ။ မူဆယ်ဆေးခန်းမှာ MSF က ကူညီပေးနေတဲ့ အသက်အငယ်ဆုံး အိတ်ခ်ျအိုင်ဗီလူနာတွေထဲက တစ်ယောက်ပါ။ သူက အသက် ၆၈ နှစ် အဘွားနဲ့အတူနေတယ်။ သူ့အဘွားက တခြား မိဘမဲ့ ကလေးငါးယောက်ကိုလည်း စောင့်ရှောက်ရတယ်။ ဒီတော့ သူက ကလေးလေးတစ်ယောက်ဆိုပေမယ့် ကိုယ့်ကျန်းမာရေးကိုကိုယ် စောင့်ရှောက်ဖို့ တာဝန်ယူရတယ်။
“သားမိဘနှစ်ပါးလုံး ဆုံးသွားပြီ။ အမေ အိတ်ခ်ျအိုင်ဗီရောဂါနဲ့ဆုံးသွားတာ သိပ်မကြာသေးဘူး။ အမေ့ကို သတိရတယ်။ အခု သားအဖွားနဲ့ အတူနေတယ်။ ဒေါ်တင်ငြိမ်းပေါ့။ ညီအစ်ကိုတွေ၊ အစ်မတွေ၊ ဝမ်းကွဲတွေနဲ့ အတူနေတယ်။ သားက ကျောင်းမတက်ဘူး။ သားတို့က ပလတ်စတစ်ဗူးတွေ လိုက်ကောက်ပြီး ပြန်ရောင်းတယ်၊ ပိုက်ဆံရတယ်လေ။ သားမှာလည်း အဲဒီရောဂါရှိနေပြီ။သား မသေချင်ရင် ဆေးသောက်ရမှာပေါ့။ ဆေးတွေကို ဆရာဝန်ကြီးဆီက သားရတယ်။ နေ့တိုင်း မနက်ရှစ်နာရီထိုးရင် ဆေးသောက်ဖို့က အရေးကြီးတယ်။ ဒါပေမယ့် သားမှာ အခု လက်ပတ်နာရီ ရှိနေပြီဆိုတော့ အဆင်ပြေတယ်။ ဆေးသောက်တာ တစ်ခါမှ မေ့သွားတာ မရှိပါဘူး။ တစ်နေ့တော့ ကျောင်းတက်ရမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် သားက လက်ရွေးစင်ဘော
လုံးသမားတစ်ယောက် ဖြစ်ချင်တာ"
ပြည့်ပြည့်၊ ၈ နှစ်
 
 
မူဆယ်၊ ရှမ်းပြည်နယ်
 
“ကျွန်တော် နေစရာရှာဖို့ ကချင်ပြည်နယ်ကို သွားတယ်။ နောက် ကျွန်တော့်ဇနီးဖြစ်လာမယ့်သူနဲ့ သူ အလုပ်လုပ်နေတဲ့ အနှိပ်ခန်းတစ်ခန်းမှာ ဆုံတယ်။ အဲဒီအချိန်မှာ ကျွန်တော် ဘိန်းဖြူစသုံးနေပြီ။ အဲဒီ အချိန်က ကျွန်တော်အတွက် အကောင်းရော အဆိုးရော ဒွန်တွဲနေတာ။ ကျွန်တော် ဝင်ငွေ တအားကောင်းတယ်။ ဒါပေမယ့် မိန်းမနဲ့ လုံးဝ အဆင်မပြေဘူး။ တစ်နှစ်လောက်ကြတော့ ကျွန်တော်တို့ ကွာရှင်းလိုက်ပြီး မိဘတွေနဲ့ပြန်နေဖို့ ကျွန်တော် အိမ်ပြန်ခဲ့တယ်။ သူတို့က မူဆယ်ကနေ လေးနာရီလောက် မောင်းရတဲ့ မန်ဆစ်နားက မန်တပ်မှာ နေကြာ။လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့်ပေါင်မှာ အဖုအပိန့်တွေ ထွက်လာတယ်။ နောက်တစ်ခါ လွန်ခဲ့တဲ့ တစ်လလောက်က မျက်နှာနဲ့ ခေါင်းမှာ အဖုအပိန့်ပေါင်းစုံ ထွက်လာတယ်။ ငါတော့ဒုက္ခရောက်နေပြီလို့ စဉ်းစားမိလာလို့ ဒီကို ရောက်လာခဲ့တာ။ သူတို့က ကျွန်တော့်ဆီက သွေးယူတယ်။ ပြီးတော့ အဖုအပိန့်တွေက အရည်တွေလည်း ယူတယ်။ အခု ကျွန်တော် နောက်ဆုံးရလဒ်အဖြေကို စောင့်နေတယ်။ ဒါပေမယ့် ဆရာဝန်တစ်ယောက် ပြောတာကတော့ ကျွန်တော့်မှာ အိတ်ခ်ျအိုင်ဗီပိုးရှိနေတာ ၉၅ ရာခိုင်နှုန်း သေချာနေပြီတဲ့။
ကျွန်တော် ဒီကို အမေနဲ့အတူ လာတာပါ။ သူ အပြင်မှာ စောင့်နေတယ်။ ကျွန်တော့်အခြေအနေကို အမေ့ကို ပြောပြဖို့ အဆင်သင့်ဖြစ်နေပြီလို့ မထင်ပါဘူး။ ကျွန်တော် ပြောမထွက်ဘူး”
စိုးအောင် *၊ ၂၄ နှစ် (*အမည်ပြောင်းလဲထားသည်)
 
 
သာကေတဆေးခန်း၊ ရန်ကုန်
 
ကျွန်တော်က မွေးကတည်းက အိတ်ခ်ျအိုင်ဗီပိုး ပါလာတာ။ ကျွန်တော် သုံးနှစ်သားမှာ အေအာရ်တီဆေး စသောက်ရတယ်။ ကျွန်တော် လသားအရွယ်မှာ အဖေက အိတ်ခ်ျအိုင်ဗီရောဂါနဲ့ ဆုံးသွားတယ်။ ကျွန်တော် အသက် ရှစ်နှစ်ရောက်တော့ အမေလည်း အဖေ့နောက် လိုက်သွားတယ်။ ကျွန်တော့်အဖွားရယ်၊ အဒေါ်နှစ်ယောက်ရယ်နဲ့ အတူနေပါတယ်။ ကျွန်တော် ချစ်သူရမယ်၊ အိမ်ထောင်ကျပြီး မိသားစုဘဝထူထောင်ဖြစ်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ ကျွန်တော့်အဒေါ်တွေနဲ့ ရန်ဖြစ်မိတိုင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ်။ ကျွန်တော့်ဘဝမှာ ဘာမျှော်လင့်စရာမှ မရှိခဲ့တာကို။
ကျွန်တော် အထက်တန်းကျောင်းတုန်းက ပစ်ပယ်ခံရတယ် ဆိုတဲ့ စိတ်ဒဏ်ရာရခဲ့ဖူးတယ်။ ဆယ်တန်းပြီးသွားတော့ Myanmar Youth Star Network မှာ စေတနာ့ဝန်ထမ်း စလုပ်ခဲ့တယ်။ အဲဒီကွန်ရက်ကLGBT တွေ၊ အိတ်ခ်ျအိုင်ဗီရှိသူတွေ၊ မူးယစ်ဆေးသုံးသူတွေနဲ့ သူတို့ရဲ့ အပေါင်းအဖော်တွေနဲ့အတူ နှိမ့်ချခွဲခြားဆက်ဆံတာတွေကို အတူပူးပေါင်းပြီး တိုက်ဖျက်ကြတာပါ။ အဲဒီတော့မှ ကျွန်တော့်မှာဖြစ်ခဲ့တဲ့ အစွဲအလမ်းတွေအားလုံး မမှန်ကြောင်း တွေ့လာရတယ်။
ကျွန်တော် လောလောဆယ် ဒီဆေးခန်းမှာ သက်တူရွယ်တူထောက်ပံ့ကူညီသူ (Adolescent Peer Supporter) အဖြစ် အလုပ်လုပ်နေပါတယ်။ ကျွန်တော် ဒီနှစ်မှာ တက္ကသိုလ်လည်း စတက်နေတယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်က ကျွန်တော် ချစ်သူရခဲ့တယ်။ ကျွန်တော့်လိုမျိုး ပြဿနာရှိနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ သိပ်မကြာခင်က တွေ့တော့ သူက သူ့အနေနဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်တယ်ဆိုတာသိတောင် မသိခဲ့ဘူးတဲ့။ ဒါပေမယ့် အခုတော့ သူက သူ့ချစ်သူကောင်မလေးကို သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြလိုက်နိုင်ပြီ။ သူတို့ မကြာခင် ကလေးယူကြတော့မယ်။ ကျွန်တော်ကတော့ ကျွန်တော့်ချစ်သူကို ပြောပြဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမယ့် တစ်နေ့နေ့တော့ ပြောပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”
ညီညီ*၊ ၂၁ နှစ် (* အမည်ပြောင်းလဲထားသည်)
 
 
မူဆယ်၊ ရှမ်းပြည်နယ်
“သူ့မှာ အိတ်ခ်ျအိုင်ဗီပိုး မရှိဘူးဆိုတာ ကျွန်တော်တို့ သေသေချာချာ သိထားပေမယ့်လည်း ထွက်လာမယ့်အဖြေကို ကျွန်တော်တို့ အရမ်းကို စိတ်လှုပ်ရှားနေမိတယ်” ဟု ကိုအောင်သင်း (၃၆နှစ်) က ပြောသည်။ သူ့ဇနီးသည် မခမ်းဆေး (၃၂ နှစ်) လည်း အတူပါလာပြီး သူတို့၏ ၁၈ လ သမီးလေး မွေ့ဟွမ်းအွန်၏ သွေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေကြသည်။
သူတို့က မူဆယ်ကနေ တစ်နာရီခန့်မောင်းရသည့် မန်းစီမြို့အနီး၊ မန့်ဝိန်းကြီးဟု ခေါ်သည့် ရွာတွင်နေထိုင်ကြသည်။ ဖခင်ဖြစ်သူ ကိုအောင်သင်းသည် မူးယစ်ဆေးစွဲနေသူတစ်ဦးဖြစ်ပြီး ထောင်၁၅ နှစ်ကျခဲ့ပြီး ရှစ်နှစ်ကြာ ထောင်တွင်းနေထိုင်ပြီးနောက် ၂ဝ၁၁ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ “ဟိုးလွန်ခဲ့တဲ့နှစ်တွေကတော့ ကျွန်တော် တစ်လလောက် ချောင်းဆိုးပြီး ကိုယ်အလေးချိန် အတော်လေးကျသွားတယ်” ဟု ကိုအောင်သင်းက ပြောသည်။ “တစ်ခုခုတော့ မှားနေပြီဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော် တူမ တစ်ယောက်က အကြံပေးတာနဲ့ ဒီဆေးခန်းကို ရောက်လာခဲ့တယ်။ အဲတော့မှ ကျွန်တော်တွေးထားတာ မှန်နေမှန်း သိတယ်။ ကျွန်တော့်မှာ အိတ်ခ်ျအိုင်ဗီပိုးရှိနေပြီ။ နောက်တစ်ပတ်လောက်ကြာတာ့ ကျွန်တော့်မိန်းမလည်း သွေးစစ်ကြည့်တယ်။ သူ့မှာလည်း ပိုးရှိတယ်တဲ့။”
“သမီးလေးကို မွေးကတည်းက အိတ်ခ်ျအိုင်ဗီ စစ်ပေးလာခဲ့တာ။ အဖြေတွေက အမြဲတမ်း အနုတ်ချည်း ပြနေတာ” ဟု မခမ်းဆေးက ပြောသည်။ “သူ့ကို နို့ဘယ်လိုတိုက်ရမယ် ဆိုတာကအစဆရာဝန်ညွှန်ကြားချက်အတိုင်း ကျွန်မ လိုက်နာခဲ့တယ်။ သူ မနေ့က ၁၈ လပြည့်တယ်။ ဒီနေ့ နောက်ဆုံးအကြိမ်အဖြစ် သွေးလာစစ်နေတာပါ။ အဖြေက အနှုတ်လက္ခဏာဆိုရင် သူ့မှာ အိတ်ခ်ျအိုင်ဗီပိုး မရှိဘူး။”
“ကျွန်တော်တို့ ကံကောင်းတာက၊ ကျွန်တော်တို့ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေက ကျွန်တော်တို့အပေါ် တစ်ခါမှ ခွဲခြားမဆက်ဆံကြဘူး။ အခု ကျွန်တော်တို့သမီးလေးက ကံအကောင်းဆုံး ဖြစ်နေပြီ။ သူ ဒီလို အေအာရ်တီဆေးတွေ ဘယ်တော့မှ သောက်ရမှာမဟုတ်တော့ဘူး” ဟု ကိုအောင်သင်းက ပြောသည်။
ကိုအောင်သင်း (၃၆ နှစ်)၊ မခမ်းဆေး (၃၂ နှစ်) နှင့် မွေ့ဟွမ်းအွန် (၁၈ လ)

 

↧

Viewing all articles
Browse latest Browse all 66

Trending Articles