ယီမင်နိုင်ငံတစ်ဝှမ်းတွင် ကာလဝမ်းရောဂါ နှင့် စိုးရိမ်ဖွယ်ရာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းဖြစ်သော နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)က အဆိုပါရောဂါဖြစ်ပွားမှုမှာ ထိန်းချုပ်မှုမပြုလုပ်နိုင်အောင် ခြိမ်းခြောက်လျက်ရှိနေကြောင်း သတိပေးလိုက်ပြီး သင့်လျှော်သော အရေးပေါ်တုံ့ပြန်ချက်တစ်ခုကိုလည်း တောင်းဆိုလိုက်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ သံသယဖြစ်ဖွယ် ရောဂါဖြစ်ပွားမှု အရေအတွက်သည် မေလ ၁၄ ရက်နေ့တွင် ၁၁,၀၀၀ မှ မေလ ၁၉ ရက်နေ့တွင် ၂၃,၅၀၀ အထိ များပြားလာခဲ့ပြီး လွန်ခဲ့သော ၅ ရက်တာကာလအတွင်း နှစ်ဆ မြင့်တက်သွားခဲ့သည်။ ယီမင်နိုင်ငံ ပြည်သူ့ကျန်းမာရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏အဆိုအရ အဆိုပါရောဂါသည် ယီမင်နိုင်ငံ၏ ပြည်နယ်၂၂ ခုထဲမှ ပြည်နယ် ၁၈ ခုတွင် လက်ရှိပျံ့နှံ့ဖြစ်ပွားလျက်ရှိသည်။
MSF အဖွဲ့များက လူနာ ၃,၀၉၂ ဦးကို ကာလဝမ်းရောဂါကုသမှုဌာန၄ ခု နှင့် အမ်ရန်၊ ဟိုဒေဒါး၊ ဟတ်ဂျ၊ အယ်ဒလေး၊ တေ့ဇ် နှင့် အစ်ဘ် ပြည်နယ်များရှိ ကာလဝမ်းရောဂါကုသမှုကူညီရေးအဖွဲ့ ၉ ဖွဲ့တွင် ကုသပေးလျက်ရှိသည်။ ယင်းတို့သည် လာမည့်ရက်များအတွင်း ယီမင်နိုင်ငံတွင် တန်ချိန် ၆၃ တန်အထက်ရှိသော ထောက်ပံ့ရေးပစ္စည်းများ ရောက်လာဖို့ရန် မျှော်လင့်နေကြသည်။
“ရောဂါဖြစ်ပွားမှု အလျင်အမြန် ပျံ့နှံ့နေခြင်းက အရမ်းကို စိုးရိမ်ကြောင့်ကြဖွယ်ဖြစ်တယ်။” ဟု ယီမင်နိုင်ငံရှိ MSF၏ ဌာနေကိုယ်စားလှယ် ဂါဆန်အဘူချား ကပြောကြားသည်။ “ဒီလိုမဖြစ်ပွားခင်က ကျန်းမာရေးစနစ်က အလွန်ဆိုးဝါးပြီးသားပါ။ လူတွေရဲ့ကျန်းမာရေးလိုအပ်ချက်တွေကလည်း အရမ်းကို ကြီးမားလွန်းတယ်။ ဒီဖြစ်ပွားမှုကို ထိန်းချုပ်နိုင်အောင် ဆေးဝါးကုသမှုခံယူဖို့ ရောက်ရှိလာတဲ့သူတွေကို ကုသပေးဖို့ဟာ ရိုးရှင်းလှတဲ့အရာမဟုတ်ပါဘူး။ ဒီရောဂါရဲ့ အရင်းအမြစ်ကို ဖြေရှင်းဖို့ ဆိုရင် ရေ နဲ့ မိလ္လာစနစ်တွေ တိုးတက်ဖို့ လိုသလို လူထုကြားမှာလဲ ရောဂါကာကွယ်ရေးအတွက် လုပ်ကိုင်သွားကြဖို့ လိုပါတယ်။
၂၀၁၅ ခုနှစ် မတ်လက အရှိန်မြင့်တက်လာသည့် ယီမင်တွင် ဖြစ်ပွားနေသောစစ်ပွဲက တိုင်းပြည်၏ အားနည်းနေသော ကျန်းမာရေးစနစ်အပေါ်တွင် ပြင်းထန်သော အကျိုးသက်ရောက်မှုတစ်ခုကို ဖြစ်ပွားစေခဲ့သည်။ ကျန်းမာရေးဌာနများမှာလည်း လုပ်ငန်းလည်ပတ်နေခြင်းမရှိတော့သောကြောင့် ကာလဝမ်းရောဂါကုသမှုအတွက် မရှိမဖြစ်လိုအပ်သော အကြောဆေးအရည်များ နှင့် ဓာတ်ဆားရည် အပါအဝင် အခြားဆေးဝါးများလည်း ပြတ်လပ်နေသည်။
လူနာများကို ကြိုးစားအားထုတ်ပြီးကုသရန် ဝန်ထမ်းရှားပါးမှုက အဟန့်အတားဖြစ်နေသည်။ ယီမင်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် ၂၀၁၆ ခုနှစ် စက်တင်ဘာလကတည်းက ဝင်ငွေမရရှိတော့ဘဲ ယင်းတို့၏ မိသားစုများကို ထောက်ပံ့နိုင်ရန် အခြားသော အလုပ်အကိုင်များကို ရှာဖွေလုပ်ကိုင်ကြရသည်။ တစ်ချိန်တည်းမှာပင် လုံခြုံမှုမရှိခြင်းကလည်း ရောဂါဖြစ်ပွားနေသော ဒေသများကို သွားရောက်ပြီး အကူအညီပေးနေသော အဖွဲ့အစည်းများ၏ ကူညီနိုင်စွမ်းကိုလည်း အဟန့်အတားဖြစ်နေသည်။
MSFအနေဖြင့် ယီမင်နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ တင်သွင်းကြရန် နှင့် ယီမင် ကျန်းမာရေးဝန်ထမ်းများကိုလည်း ထပ်ဆောင်းလစာများပေးခြင်းဖြင့် ကျန်းမာရေးလုပ်ငန်းများကို ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်နိုင်ရန် တောင်းဆိုလိုက်သည်။ ဆေးကုသမှု အဆောက်အအုံများ လည်ပတ်နိုင်ရန်၊ လူနာများကို ကုသမှုပေးနိုင်ရန် နှင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ထားနိုင်ရန်အလို့ငှာ ထိခိုက်ဖြစ်ပွားနေသောဒေသများသို့ ဆေးဝါးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်သားများ သွားရောက်နိုင်ကြစေရန် MSFက အစုအဖွဲ့ အသီးသီးသို့ တောင်းဆိုလိုက်သည်။
MSFသည် ယီမင်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၇၀ နီးပါးတွင် အလုပ်လုပ်ကိုင်လျက်ရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ယီမင်နိုင်ငံတွင် MSFအဖွဲ့က ဆေးရုံ ၁၃ ရုံရှိ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှု တိုက်ရိုက်ပေးနေပြီး ယီမင်ပြည်နယ် ၁၁ ပြည်နယ်ရှိ ဆေးရုံ ၂၅ ခုကျော်ကိုလည်း တိုက်ရိုက်ထောက်ပံ့ပေးနေသည်။